သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ညီလာခံ တိုက်ရိုက်သတင်းပေးပို့ချက်


Republican ပါတီညီလာခံ နောက်ဆုံးနေ့ ။ ဇူလိုင် ၂၁၊ ၂၀၁၆။
Republican ပါတီညီလာခံ နောက်ဆုံးနေ့ ။ ဇူလိုင် ၂၁၊ ၂၀၁၆။

Republican ပါတီရဲ့ ၄ ရက်ကြာ ညီလာခံကို ဒီကနေ့မှာတော့ နောက်ဆုံးနေ့ အဖြစ်နဲ့ ကျင်းပနေပါတယ်။ ပါတီတွင်းနဲ့ ပါတီပြင်ပမှာပါ သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တဲ့ ညီလာခံ နောက်ဆုံးနေ့ အခြေအနေတွေကို သိရအောင် Ohio ပြည်နယ် Cleveland မြို့မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ VOA ဝိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ် မေးမြန်းကြည့်ပါမယ်။

ကိုအောင်လွင်ဦးရေ - Republican ပါတီညီလာခံရဲ့ ဒီနေ့ နောက်ဆုံးနေ့မှာ Donald Trump ကိုယ်တိုင် မိန့်ခွန်းပြောဖို့ ရှိနေတယ်လို့ သိရပါတယ်။ သူ ဘာတွေပြောမယ်၊ သူ့ဆီက ဘာတွေ ထူးထူးခြားခြား ကြားရနိုင်မယ် ထင်ပါသလဲခင်ဗျ။

ကိုအောင်လွင်ဦး။ ။ ဟုတ်ပါတယ်။ Donald Trump က ညီလာခံ တချို့ရက်တွေမှာ ရုတ်တရက်ရောက်လာတတ်ပေမဲ့ ဒီနေ့ကတော့ သမ္မတလောင်းအဖြစ် ရွေးချယ် တာကို တရားဝင်လက်ခံယူဖို့ ကိုယ်တိုင် စကားပြောမှာပါ။ ဒီညီလာခံနောက်ဆုံးနေ့ကိုတော့ Make America one again ဆိုပြီးတော့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း အမေရိကန်ပြည်သူလူထုကို တစုတစည်းတည်းဖြစ်အောင် ဘယ်သူဦးဆောင်မလဲဆိုတာ အဓိက ပြောဖို့ရှိပါတယ်။ ညီလာခံနောက်ဆုံးနေ့မှာတော့ ပြည်တွင်းက စိန်ခေါ်မှုတွေ နောက် ပြည်ပ က ခြိမ်းခြောက်မှုတွေကို အာရုံစိုက်ပြောမှာဖြစ်သလိုပဲ သဘောထားကွဲပြားမှုတွေကို ညီညွတ်အောင် လုပ်မယ့်ကိစ္စတွေကို အာရုံစိုက်ပြောမယ်ဆိုပြီး ပါတီက ကြေညာချက် ထုတ်ထားပါတယ်။ ဒါကြောင့်လည်းပဲ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ ဘရက်အိုဘားမား အစိုးရနဲ့ သမ္မတလောင်းဖြစ်ဖို့ ပြိုင်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်ရဲ့မူဝါဒတွေကို အဓိက ထိုးနှက် တိုက်ခိုက်ပြောတာတွေ ကြားရလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခုကလည်း လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြီးတော့ ရီပတ်ပလင်ကန်ပါတီရဲ့ ရပ်တည်ချက် Donald Trump ရဲ့ မူဝါဒတွေကပဲ အလုပ်ဖြစ်မယ်လို့ အသားပေးပြော လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီးတော့ Donald Trump အနေနဲ့က လည်း ပြောနေကျအတိုင်းပဲ ကလင်တန်ကို ပုတ်ခတ်သုံးနှုံးတဲ့ စကားတွေ နောက်ပြီးတော့ နယ်စပ်မှာ တံတိုင်းကာမယ်ဆိုပြီးတော့ ပြောတဲ့ အသုံးအနှုံးတွေမျိုးကိုလည်း ဒီည ထပ်ပြီး ကြားရနိုင်ပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ညီလာခံနောက်ဆုံးနေ့မှာ Trump အပြင် ဘယ်သူတွေ မိန့်ခွန်းပြောကြဖို့ ရှိပါသလဲ၊သူတို့ရော ဘာတွေပြောမယ်လို့ သိရသလဲ။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့။ သူတို့ထုတ်ပြန်ထားတဲ့ အစီအစဉ်တွေအရ ကြည့်မယ်ဆိုရင်တော့ ညီလာခံနောက်ဆုံးပြောတဲ့မိန့်ခွန်းပြောတဲ့သူတွေထဲမှာ ရီပတ်ပလင်ကန်ပါတီ ညီလာခံသဘာပတိဖြစ်တဲ့ Rev. Steven Bailey၊ နောက် Oklahoma ပြည်နယ်အုပ်ချုပ်မှူး Mary Fallin တို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအပြင် ထူးထူးခြားခြားအနေနဲ့ နည်းပညာလုပ်ငန်းရှင် ကုဋေကြွယ်သူဌေး နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်၊ စီးပွားရေးနယ်ပယ်က အကျော်အမော် ပုဂ္ဂိုလ်တွေ နောက်ပြီးတော့ Trump ရဲ့သမီးဖြစ်တဲ့ Ivanka တို့လည်း ပါမှာပါ။ Trump ရဲ့သမီးကတော့ အရင်နေ့က တခြားမောင်နှမတွေလိုပဲ သူ့ဖခင်က မိသားစုထဲမှာရော စီးပွားရေးကိုဦးဆောင်မှုပေးနိုင်တဲ့သူ ဒီလိုပဲ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့်သူ အရည်အချင်းပြည့်တဲ့ပုဂ္ဂိုလ် တယောက်အနေနဲ့ ပြောမှာ ကတော့ သေချာသလောက်ရှိပါတယ်။ ကျန်တဲ့သူတွေကလည်း အလားတူပဲ Trump ရဲ့အရည်အချင်းတွေကို အလေးပေးပြောနိုင်သလိုပဲ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ကြတဲ့ ခါးခါးသီးသီးဖြစ်ခဲ့ကြတဲ့ Texas ပြည်နယ် အမတ်လောင်း Ted Cruz ရဲ့ ညီလာခံတတိယနေ့မှာ ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ Trump ကိုထောက်ခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက်ကြောင့် ပါတီတွင်းမှာ ညီညွတ်ရေး အတွက် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရတာတွေရှိခဲ့တာကိုလည်း အဖတ်ဆည်နိုင်အောင် ပြောကြဆိုကြတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။

မေး ။ ။ နောက်တခုကလေ ဒီ ညီလာခံမှာ ဆန္ဒပြတဲ့သူတွေရော တော်တော် များများ ရှိနေကြသေးလား။

ကိုအောင်လွင်ဦး။ ။ လေးရက်ကြာခဲ့တဲ့ ညီလာခံအဆုံးသတ်တဲ့နေ့အထိ ညီလာခံပြင်ပမှာ ကန့်ကွက်သူ၊ ထောက်ခံသူ ဆန္ဒပြပွဲတွေကတော့ အရှိန်ကောင်းနေတုန်းပါပဲ။ ဆက်လည်း ရှိနေတုန်းပါပဲ။ ဒါပေမဲ့လည်း လုံခြုံရေး အာဏာပိုင်တွေက လူတချို့ကို ဖမ်းတာဆီးတာတွေ ရှိပေမဲ့ အစောပိုင်းမှာ စိုးရိမ်သလောက်တော့ သွေးထွက်သံယို ပဋိပက္ခမျိုးတွေတော့ မကြုံရပါဘူး။ အခုနောက်ဆုံး ကျနော်တို့သိရသလောက်ဆိုရင်တော့ အဖမ်းအဆီး အများဆုံး ကတော့ မနေ့ကအများဆုံးလို့သိရပါတယ်။ အဲ့တာတောင်မှပဲ ၁၈ယောက်ပဲ ဖမ်းတယ်လို့ကြားပါတယ်။ ဆိုတော့ ဖမ်းတာဆီးတာက စုစုပေါင်းမှ ၂၀ကျော်လောက်ပဲ ရှိတယ်ဆိုတော့ အဖမ်းအဆီးက ဒီလောက်ကြီးတော့လည်း မများဘူး။ နောက်တခုက ရဲတပ်ဖွဲ့ဝင်တွေဘက်က လုံခြုံရေး အာဏာပိုင်တွေဘက်က တယောက်ပဲ အနာတရဖြစ်တယ်ကြားတော့ ထင်သလောက်တော့ ပဋိပက္ခတွေ ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့တာမျိုးတွေ မရှိဘူး။

မေး။ ။ အဲဒီတော့ Republican ညီလာခံ ဒီနေ့အဆုံးသတ်ပြီဆိုတော့ နောက်ထပ် ဘာတွေထပ်တွေ့ရ ဦးမှာလဲ။

ကိုအောင်လွင်ဦး။ ဟုတ်ကဲ့။ Republican ညီလာခံက အဆုံးသတ်ပြီ ဆိုတော့ နောက်ပိုင်းမှာ Trump ရဲ့ နိုဝင်ဘာသမ္မတရွေးပွဲမှာ ယှဉ်မယ့် သမ္မတလောင်းတဦးကို တရားဝင် ရွေးမယ့် ဒီမိုကရက်တစ်ပါတီရဲ့လေးရက်ကြာ ညီလာခံကို Pennsylvania ပြည်နယ် Philadelphia မှာ ရှေ့သီတင်းပတ်ထဲ မှာ လေးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဘက်ကတော့ ပြိုင်ဖက်မရှိတော့ပဲ တယောက်တည်း ကျန်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ကိုပဲ ရွေးဖို့ သေချာသလောက်ရှိနေပါပြီ။ ဆိုတော့ ရီပတ်ပလင်ကန်ပါတီလောက်တော့ အခြေအတင်ဖြစ်စရာ တွေ သိပ်တွေ့ရမှာ မဟုတ်ပေမဲ့လို့ အထိုက်အလျောက်တော့ ဆန္ဒပြတာ ကန့်ကွက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ညီလာခံ နောက်ဆုံးနေ့ အခြေအနေတွေကို သိရအောင် Ohio ပြည်နယ် Cleveland မြို့မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ VOA ဝိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG