သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းအရှေ့ တောင်ကျရေထဲ မျောပါသွားတဲ့ အလုပ်သမားတချို့ရှာမတွေ့သေး


မိုးသဲထန် ရေကြီးနေသည့်မြင်ကွင်း
မိုးသဲထန် ရေကြီးနေသည့်မြင်ကွင်း

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာ မိုးကြီးတာကြောင့် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက လမ်းအလုပ်သမား ၁၂ ဦး တောင်ကျရေနဲ့ မျောပါသွားခဲ့ပါတယ်။ လောလောဆည် အသက်ရှင်လျက် လေးဦး ပြန်ရှာတွေ့ထားပြီး ကျန်ပျောက်ဆုံးသူ ၈ ဦးကို ဆက်လက် ရှာဖွေနေဆဲရှိသလို တောင်ကြီး-ကျိုင်းတုံ ကားလမ်းဟာလည်း မြေပြိုတာကြောင့် အသွားအလာ ရပ်ဆိုင်းနေပါတယ်။ ရန်ကုန်ကလာတဲ့ မိုင်းပျဉ်းမြို့နယ်ကသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာ တနင်္လာနေ့က စတင်ပြီး ကြာသပတေး နေ့လည်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းနေခဲ့တာပါ။

ဒီလို မိုးကြီးပြီး တောင်ကျချောင်းရေ ကျဆင်းတာကြောင့် မိုင်းပျဉ်းနဲ့ တာကောအကြား လမ်းတိုးချဲ့ရေးဆောင်ရွက်နေတဲ့ လမ်းအလုပ်သမားတွေ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက ရေထဲ မျောပါသွားတာလို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ဖြစ်တာက ၉ မိုင်မှာ၊ တာကော်နဲ့ မိုင်းပျဉ်းအကြား။ တာကော်နဲ့ ဆင်မောင်ကြားပေါ့နော။ ဖြစ်စဉ်က အဲဒီညမှာက သန်းခေါင်ကျော်ကျော် ၂ နာရီလောက်မှာပေါ့။ အဲဒီအချိန်မှာ မိုးက အဲဒီနေ့က တရက်လုံး အသည်းအသန်ရွာတယ်ဗျ။ ညကျရင် ပိုပြီးတော့ ရွာတဲ့အခါ ဒီ တောင်ကျရေကျပြီးတော့ အဲဒီမှာ သူတို့ပါသွားတာနေမယ်။ သိရတာတော့ ၁၁ ယောက် ပြောတာလည်း ပြောတယ်။ ၁၂ ယောက်ပြောတာလည်း ရှိတယ်ဗျ ။ ဒီနေ့လည်း လိုက်ရှာနေတုံး။ မနေ့ကလည်း လိုက်ရှာတယ်ဗျ။”

တောင်ကျရေနဲ့ မျောပါသွားသူတွေကို မိုင်းပျဉ်းမြို့နယ် ဒေသခံ တပ်၊ ရဲ၊ မီးသတ်၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လိုက်လံရှာဖွေရာမှာ အသက်ရှင်လျက် ၄ ဦး ပြန်လည်တွေ့ရှိထားကြောင်း မိုင်းပျဉ်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့က ရဲမှူးမောင်မောင်က ပြောပါတယ်။

“မနေ့မနက်က ဖြစ်တာဗျ။ အခုပေါ့၊ လက်ရှိလေ အခုပေါ့။ ၄ ယောက်၊ ၄ ယောက် တွေ့ပြီဗျ။ ၄ ယောက်က အသက်ရှင်လျက် တွေ့တယ်ဗျ။ မျောသွားတာ အားလုံးကတော့ ကျား ၈ ၊ မ ၄။ ၁၂ ယောက်ဗျ။ လတ်တလောတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေဆဲပဲ ရှိပါသေးတယ်။”

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၃ ရက်ဆက် မိုးကြီးခဲ့တာကြောင့် တောင်ကြီး-ကျိုင်းတုံလမ်းပိုင်း မိုင်းပျဉ်းမြို့နယ်က တချို့နေရာတွေမှာ တောင်ပြိုတာကြောင့် မနေ့ကစတင်ပြီး ကားလမ်းတွေ ပိတ်နေကြောင်းလည်း မိုင်းပျဉ်းဒေသခံက ပြောပါတယ်။

“ဒီအချိန်ထိတော့ လမ်းမဖွင့်သေးဘူးဗျ။ စဖြစ်တဲ့ည၊ မနေ့ တရက်လုံးကနေပြီးတော့ ဒီနေ့ မိုးချုပ်ခါနီးပေါ့။ တောင်ပြိုတာ။ တနရာတည်းတင်မဟုတ်ဘူး။ သူက တောက်လျှောက်ကိုဖြစ်တာလေ။ ဖြစ်တာက ဒီ ၉ မိုင်ကနေပြီးတော့ ၁၂ မိုင်ထိတောင်မှ အရမ်းပြိုတာပဲ။ အဲဒီနေရာ အဲဒီတဝိုက်က။”

လက်ရှိဖြစ်နေတဲ့ Covid ကပ်ရောဂါကြောင့် ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေဟာ အနီးအနားရွာက နေအိမ်တွေမှာ တည်းခိုလို့မရကြဘဲ ကားလမ်းမပေါ်မှာပဲ နေနေရတယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံမြို့နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး မုတ်သုန်လေဟာ အားကောင်းရာက အားအလွန်ကောင်းမယ့် အခြေအနေရှိကြောင်း ၊ မနက်ဖြန်ထိ ခန့်မှန်းချက်မှာတော့ ရခိုင်၊ ကရင်၊ မွန်တို့မှာ ဒေသအလိုက်နဲ့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ကချင်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေကတော့ မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ မြေပြိုတာ၊ ရုတ်တရက် ရေကြီးတာ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိထားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

....................................................................

မိုးသဲထန် ရေကြီးနေသည့်မြင်ကွင်း
please wait

No media source currently available

0:00 0:02:32 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG