ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်သူတွေ ဝါရှင်တန်မြို့တော်ကိုချီတက်
{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့က ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်တဲ့ အင်အားစုတွေက “အသက်ရှင်သန်ခွင့် အတွက် နှစ်ပတ်လည်ချီတက်ပွဲ” အဖြစ် ဝါရှင်တန်မြို့တော်မှာရှိတဲ့ အမျိုးသားရင်ပြင်မှာ အနယ်နယ် အရပ်ရပ်က လာရောက်စုရုံးခဲ့ကြပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ကို ခွင့်ပြုခဲ့တဲ့ Roe v Wade ဥပဒေခေါ် ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို ပြီးခဲ့တဲ့နှစ်က တရားရုံးချုပ်က ပယ်ဖျက်ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် နှစ်ပတ်လည် ချီတက်ပွဲကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ပယ်ဖျက်ခံခဲ့ရတဲ့ Roe v Wade ဥပဒေဟာ ၁၉၇၃ ခုနှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး ဒီနှစ်ဟာ နှစ်၅၀ မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့် ဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင်တဦးဖြစ်တဲ့ Jeanne Mancini ကတော့ ဒီနှစ်ဟာကိုယ်ဝန်ဖျက်ချ ခွင့်ဥပဒေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း သန်းနဲ့ချီအသက်ဆုံးရှုံးခဲ့ရတာတွေကို အမှတ်ရစေဖို့ နဲ့ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှု အောင်မြင်လာခဲ့တဲ့ အထိမ်းအမှတ်လည်းဖြစ်ကြောင်း သူ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို လိုလားသူတွေနဲ့ ဆန့်ကျင်သူတွေအကြား နှစ်ရှည်လများ အငြင်းပွား လာခဲ့တာဖြစ်ပါတယ်။
တချိန်ထဲမှာပဲ ဒုတိယသမ္မတ Kamala Harris ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေ Roe v Wade နှစ် ၅၀ ပြည့် နှစ်ပတ်လည်အဖြစ် ဖလော်ရေဒါပြည်နယ်မှာ စကားပြောကြားဖို့ရှိပါတယ်။ ဒုတိယ သမ္မတ အနေနဲ့ အမျိုးသမီးတွေရဲ့ မျိုးဆက်ပြန့်ပွားမှု ကျန်းမာရေးဆိုင်ရာ အခြေခံအခွင့်အရေးအတွက် ဆက်လက်ကျိုးပမ်းသွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြမှာဖြစ်တယ်လို့ သူရဲ့ပြောရေးဆိုခွင့်ရှိသူ Kirsten Allen က ပြောပါတယ်။
{{Zawgyi/Unicode}}