သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ ရိုဟင်ဂျာတဦးကို ဘင်္ဂလားဒေရှ့် အာမခံနဲ့လွှတ်


ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်း။
ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်း။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ မူဆလင် အစွန်းရောက်အဖွဲ့နဲ့ ဆက်သွယ်မှု ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသားတဦးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး သူက အခု ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတခုမှာ ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက ဇူလိုင်လ ၁၈ ရက်နေ့မှာ သတင်း မီဒီယာကို ပြောလိုက်ပါတယ်။

အသက် ၃၈ နှစ် အရွယ် မူဆလင် တရားဟောဆရာ Manzurul Islam မန်ဇူရို အစ္စလာမ်က ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့အစွန်းရောက် အဖွဲ့နဲ့အဆက်အစပ် မရှိကြောင်း ရိုက်တာစ် သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ငြင်းဆိုခဲ့ပါတယ်။

မန်ဇူရို အစ္စလာမ်ဟာ ရဲအရာရှိ ၉ ဦး သေဆုံးခဲ့တဲ့ အောက်တိုဘာလ ၉ ရက် ရခိုင်ပြည်နယ် မောင်တောအနီး မြန်မာနယ်ခြား ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ Harakah Al- yaqin ဟာရခါ အလ် ရာကင်း အစွန်းရောက် အုပ်စု အဖွဲ့ဝင်တဦး ဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ် ရဲဘက်ဆိုင်ရာ ထောက်လှမ်းရေး သတင်းတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan အဇာဒူဇမန် ခန်းက မန်ဇူရို အစ္စလာမ်ကို မသင်္ကာတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးကပ် စောင့်ကြည့် ခဲ့ကြပြီး တလ်လီဖုန်း ပြောဆိုမှုတွေကိုလည်း ကြားဖြတ် အသံဖမ်းယူ ခဲ့ပါတယ်။ မန်ဇူရို အစ္စလာမ်ဟာ တရားမဝင်တဲ့ လှုပ်ရှားမှုတွေနဲ့ဆက်စပ်မှု ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

မန်ဇူရို အစ္စလာမ်ကို ကော့ဇ်ဘဇားမြို့မှာ ၃ လကြာ ဖမ်းဆီးထားပြီး အခု လောလောဆယ် အာမခံနဲ့ပြန်လွှတ်ထား ပေးတယ်လို့ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီးက ပြောပေမဲ့ အသေးစိတ် အချက်အလက် တွေတော့ မသိရပါဘူး။

မန်ဇူရို အစ္စလာမ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ တုန်းက ကော့ဇ်ဘဇား ဒေသ ကူတူးပါလောင် ယာယီ ဒုက္ခသည် စခန်းအနီးက ဈေးတခုမှာ ဖမ်းဆီးခဲ့တာပါ။ သူ့ကို မဖမ်းခင် ၂ ပတ် အလိုက စခန်းအနီးက တောအတွင်းမှာ ဒုက္ခသည် အယောက် ၃၀ လောက်ကိုလည်း သင်တန်းပေးခဲ့တယ် လို့လည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ယုံကြည်တဲ့ အကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG