သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းဖို့ ကုလလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးတိုက်တွန်း


ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet

နိုဝင်ဘာလလယ်ကစပြီး ရိုဟင်ဂျာဒုက္ခသည် ၂ ထောင်ကျော်ကို မြန်မာနိုင်ငံဖက် ပြန်ပို့မယ့်ကိစ္စကို ဆိုင်းထားဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ရိုဟင်ဂျာတွေကိုပြန်ပို့တာဟာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ရာရောက်ပြီး သူတို့ရဲ့ လွတ်လပ်မှုနဲ့ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ဒီကနေ့ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှုတွေ၊ သွားလာမှု ကန့်သတ်ချက်တွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှု ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ကော်မရှင်နာမင်းကြီးရုံးက ဆက်လက်ရရှိနေတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းပြီး ဒုက္ခသည်တွေပြန်သွားနိုင်မယ့် အခြေအနေတွေကို အလေးအနက်ထား ဖန်တီးပေးဖု့ိလည်း Michelle Bachelet က မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ရေးမှာ နိုင်ငံတကာစံတွေနဲ့အညီ လိုလိုလားလားပြန်ချင်စိတ်ရှိဖို့၊ လုံခြုံမှုနဲ့ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို အဓိကထားဖို့လည်း Bangladesh အစိုးရကို တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို နိုဝင်ဘာလလယ်က စပြီး အသုတ်လိုက်လက်ခံဖို့ Bangladesh နိုင်ငံနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ သဘောတူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG