သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလား ထပ်မံသဘောတူ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်များ ထွက်ပြေးလာကြတဲ့ နှစ်ပတ်လည်အခန်းအနားကို စောင့်ကြည့်နေကြစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းအတွင်းမှ ဒုက္ခသည်များ ထွက်ပြေးလာကြတဲ့ နှစ်ပတ်လည်အခန်းအနားကို စောင့်ကြည့်နေကြစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ခွာသွားကြတဲ့ ရိုဟင်ဂျာတွေထဲက ထောင်နဲ့ချီတဲ့လူတွေကို ရှေ့သီတင်းပတ်ကစပြီး ပြန်လည်လက်ခံသွားဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နောက်ထပ်အသစ်တဖန် သဘောတူလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလတုန်းက ပထမဆုံး အကြိမ်အဖြစ် ရိုဟင်ဂျာတွေ ပြန်လည်လက်ခံနေရာချထားရေး အစီအစဉ် အကောင်အထည် ဖေါ်ခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့တာပါ။ ရိုက်တာ သတင်းတပုဒ်အပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လက ARSA မွတ်ဆလင်အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ် အတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ထွက်ခွာသွားတဲ့ ဖြစ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ နောက်ထပ်အကြမ်းဖက်မှုတွေ ကြုံမှာစိုးတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်မလာချင်ဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရ ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်းမရှိပါဘူး။

ဒုက္ခသည် ၂၂,၀၀၀ ကျော်ရဲ့အမည်စာရင်းကို စိစစ်အတည်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို မကြာသေးခင်က ပေးပို့ခဲ့ပေမယ့် ၃၅၄၀ ကိုသာ အတည် ပြုနိုင်သေးတယ်လို့ နှစ်ဖက် တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့် သီတင်းပတ်ထဲ ဒုက္ခသည် ပထမဆုံးအသုတ်ကို လက်ခံသွားမှာဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်အတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

“ဒုက္ခသည် ၃၅၄၀ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို သြဂုတ်လ ၂၂ ရက်နေ့ စတင်ဖို့ ကျနော်တို့ သဘောတူ ထားပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေ လက်ခံနေရာချထားရေး အစီအစဉ်ကို ၂၀၁၈ နိုဝင်ဘာလတုန်းက ပထမဆုံးအကြိမ်လုပ်ခဲ့ပေမဲ့ ဒုက္ခသည်ထဲက ဆန့်ကျင် ကန့်ကွက်တာကြောင့် အစီစဉ်ပျက်ခဲ့ရပါတယ်။ အကြောက်တရားနဲ့ သွေးထိုးလှုံ့ဆော်တာ၊ စခန်းတွင်း ထိန်းကွပ်မရတဲ့အခြေနေနဲ့ ဒုက္ခသည်တွေရဲ့ဆန္ဒပြပွဲ အပြီး နောက်ဆုံးမှာ ပြန်ပို့မယ့်အစီအစဉ် ပျက်သွားပါတယ်။ အခုပြန်ပို့မယ့် အစီစဉ်မှာ နည်းနည်းချင်းစီ ပြန်ပို့မှာဖြစ်ပေမယ့် ဘယ်သူ့ကိုမှ အတင်းအကြပ် ပြန်ခိုင်းမှာ မဟုတ်ဘူးလို့ အမည်မဖေါ်လိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးတန်းအရာရှိတဦးက ရိုက်တာကိုပြောပါတယ်။

“ဘင်္ဂလားဒေရှ့်အစိုးရကတော့ ဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျှောက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာနဲ့ တာရှည်လုပ်သွားနိုင်မယ့် ပြန်ပို့ရေးအစီစဉ် မျိုးကို ဖြစ်စေချင်တာပါ။”

ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့ Mohammed Eleyas ကတော့ ပြန်ပို့မယ့် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဒုက္ခသည်တွေကို တိုင်ပင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ပြန်ပို့မယ့်အစီအစဉ် မတိုင်ခင် ဒုက္ခသည်တွေရဲ့ အဓိကတောင်းဆိုချက်တွေကို မြန်မာအစိုးရက လိုက်လျောသင့်တယ်လို့ သူကဆိုပါတယ်။ မြန်မာဘက်က လက်ခံဖို့ အတည်ပြုပြီးသား ဒုက္ခသည်တွေ တကယ်ပြန်ချင်စိတ် ရှိမရှိဆိုတာကို ကုလသမဂ္ဂအနေနဲ့ စစ်တမ်းကောက်သင့်တယ်ဆိုတဲ့ တိုက်တွန်းမှုတွေ ရှိကြောင်း UNHCR ကပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ လက်ရှိ ဘယ်လိုအခြေနေတွေ ရှိနေသလဲဆိုတာနဲ့ ဒုက္ခသည်တွေပြန်ရမယ့်နေရာမှာ ဘယ်လို အကန့်အသတ် ချုပ်ချယ်မှုတွေ ရှိသလဲဆိုတဲ့ သတင်းအချက်အလက်တွေကို ဒုက္ခသည်တွေသိအောင် ပံ့ပိုးပေးသွားမယ်လို့ UNHCR ကပြောပါတယ်။ မြန်မာနိုင်ငံထဲမှာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရှိနေဆဲဖြစ်ပြီး တချို့ကတော့ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းမှာနေကြသလို၊ အချို့လည်း ရွာတွေမှာ နေနေကြပေမယ့် နိုင်ငံသားအဖြစ် အသိမှတ်ပြု မခံရပဲ၊ လွတ်လပ်စွာသွားလာခွင့် ထိန်းချုပ်ခံထားရပါတယ်။

အခုဆိုရင် AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲကြောင့် ရခိုင်ဒေသမှာ စစ်မျက်နှာသစ် ဖြစ်လာရတာပါ။ လုံခြုံရေးတပ်ဖွဲ့ကပဲ ဖြစ်ဖြစ်၊ သူပုန်တွေက ဖြစ်ဖြစ် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ အသစ်ဖြစ်ပေါ်လာတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ ကုလ အထူးစုံစမ်းစစ်ဆေးရေးမှူးက ဂျူလိုင်လထဲ ပြောခဲ့ပြီး၊ မြန်မာစစ်တပ်က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားသူတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ အလေးပေး ပြောထားပါတယ်။

အဲလိုတိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ဒုက္ခသည်တွေ ပြန်ဖို့ မသင့်တော်သေးကြောင်း ကုလသမဂ္ဂက ထောက်ပြပါတယ်။

မြန်မာအစိုးရကတော့ ပဋိပက္ခဖြစ်တဲ့နေရာကို မသွားဖို့ ကုလသမဂ္ဂအပါဝင် လူသားချင်းစာနာ ထောက်ပံ့ရေးအဖွဲ့တွေကိုပါ တားမြစ်ထားပါတယ်။ ဒုက္ခ သည်တွေ ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရက ပြင်ဆင်မှုအနည်းငယ် လုပ်ထားကြောင်း သြစတြေးလျ သုတေသနအဖွဲ့တခုက ပြီးခဲ့တဲ့ ဂျူလိုင်လမှာ ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အရင်က အဓိက နေခဲ့တဲ့နေရာတခုလုံးမှာ ပြန်လည် တည်ဆောက်ထားတာမျိုး မတွေ့ရသလို၊ အိမ်တွေ ဖျက်ဆီးနေတာမျိုး မကြာသေး ခင်ကလုပ်ခဲ့တာကို ဂြိုလ်တုဓါတ်ပုံတွေကတဆင့် တွေ့ခဲ့ရကြောင်း သြစတြေလျ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က ပြောပါတယ်။ မြန်မာလူမှုဝန်ထမ်း ကယ်ဆယ် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒါရိုက်တာ ဦးမင်းသိန်းကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းက လပေါင်းများစွာ ဟင်းလင်ပြင် ဖြစ်နေတဲ့နေရာတွေသွားရောက်ပြီး လက်ခံရေးစခန်းတွေ တည်ဆောက်ဖို့ တာဝန်ရှိသူတချို့ကို အစိုးရကစေလွှတ်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုပါတယ်။ လက်ခံရေး ကြားစခန်းတွေကို ရှင်းလင်းထားသလို၊ ဝန်ထမ်းအဆင့်ဆင့်ကို ခန့်ထားပြီးဖြစ်ကြောင်းနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင် ထားကြောင်း သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG