သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံမိုးဒဏ်သင့် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကုလစိုးရိမ်


မုတ်သုံမိုးဒဏ်သင့် ရိုဟင်ဂျာဒုက္ခသည်တွေ
မုတ်သုံမိုးဒဏ်သင့် ရိုဟင်ဂျာဒုက္ခသည်တွေ

ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ ဒေသခံတွေရဲ့ အခြေအနေတွေ ဆိုးရွားနေပြီး လာမယ့် ရက်ပိုင်းအတွင်းမှာဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုပြီး လိုအပ်လာမယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ မုတ်သုံမိုးကြောင့် ရေကြီး မြေပြိုပြီး ရိုဟင်ဂျာ မိသားစုပေါင်း ၄၀၀၀ ကျော်ရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ အထူးသဖြင့် အခြေအနေ ဆိုးရွားနေပြီး ရေကနေ တဆင့် ကူးစက်ရောဂါ ဖြစ်ပွားမယ့် အန္တရာယ်ကိုလည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီ ခိုလှုံနေတဲ့ ကောဇ့်ဘဇားမှာ ရက်ဆက် မိုးသည်ထန်ခဲ့ပြီးနောက်မှာတော့ ဒုက္ခသည် စခန်းတွေ၊ နောက် သူတို့ကို လက်ခံထားတဲ့ ဒေသခံ လူမှု အသိုင်းအဝိုင်းတွင်းမှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပြီး အခြေအနေ ဆိုးရွားနေပါတယ်။ ဒီအခြေအနေကြောင့် လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ အကူအညီတွေ လာမယ့် ရက်ပိုင်း အတွင်း ပိုပြီး လိုအပ်လာမယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ UNICEF က သတင်းထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ ရေသန့် ဆေးပြားတွေ အပါအဝင် အရေးတကြီး လိုအပ်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေပေးနေတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ လက်ထောက် ပြောခွင့်ရFARHAN HAQ က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကောဇ့်ဘဇားက ထောင်နဲ့ချီတဲ့ ကလေးငယ်တွေ အပေါ် သက်ရောက်မှုကိုလည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။ UNICEF အနေနဲ့ မိတ်ဖက်တွေနဲ့ အတူတွဲပြီး ရေသန့် ဆေးပြားတွေ၊ ပလတ်စတစ် အမိုးအကာတွေ အပါအဝင် ပစ္စည်းတွေ ဖြန့်ဝေပေးနေပါတယ်။ ရေကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေ တိုးလာနိုင်တဲ့ အန္တရာယ်ကိုလည်း UNICEF က သတိပေးထားပါတယ်။”

မိုးဆက်လက်ရွာနေတာကြောင့် ရေမသန့် ဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ရေကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် နာမကျန်းဖြစ်မယ့် အန္တရာယ်လည်း ရှိတယ်လို့ ကောဇ့်ဘဇား အခြေစိုက် UNICEF ရုံးရဲ့ ယာယီ အကြီးအကဲ Berta Travieso ကလည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။ သူတို့ကို အကာအကွယ်ပေးနိုင်ဖို့ အတွက် ကလေးတွေနဲ့ မိသားစုတွေ ဘေးကင်းတဲ့ ရေနဲ့ အိမ်သာ အသုံးပြုခွင့်ရဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

မိုးသည်းထန်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲမှာ UNICEF က ဖွင့်လှစ်ထားတဲ့ သင်ကြားရေး စင်တာတွေထဲက ၅ ခုကတော့ အကြီးအကျယ် ပျက်စီးခဲ့ပြီး စင်တာ ၇၅၀ တို့ကတော့ တစိတ်တပိုင်း ပျက်စီးခဲ့ရပြီး ကလေးငယ် ၆ သောင်းကျော် စာသင်ကြားရေးကို ထိခိုက်စေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ကလေးသူငယ် အကာအကွယ်ပေးရေး စင်တာ အနည်းဆုံး ၁၂ ခု ပျက်စီးရတယ်လု့ိလည်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ အဖွဲ့ဘက်ကတော့ မိုးသည်ထန်မှုကြောင့် ဘေးဒဏ်သင့်ခဲ့ရသူတွေ အတွက် စားနပ်ရိက္ခာ ဖြန့်ေ၀ ပေးနေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ FARHAN HAQ က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ကြတဲ့ ကောဇ့်ဘဇားမှာ မိုးသည်း ထန်တာကြောင့် လူပေါင်း ၂၇၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က ဒီကနေ့ ပြောပါတယ်။ မနေ့ကတော့ WFP က လူပေါင်း ၆ ထောင် အတွက် စားနပ်ရိက္ခာတွေ ထပ်ဆောင်း ထောက်ပံ့ပေးခဲ့ပြီး ပြိုကျခဲ့တဲ့ တောင်စောင်းတွေ ဆက်မပြိုအောင် ရာချီတဲ့ ဒုက္ခသည်တွေ အကူအညီ နဲ့ အလျင်အမြန် ဆောင်ရွက်နေပါတယ်။”

မိုးသည်းထန်တာကြောင့် အပျက်အစီးတွေ ဖြစ်ခဲ့ပေမယ့်လည်း မုတ်သုံရာသီ မရောက်ခင် ကြိုတင် ပြင်ဆင်မှုတွေသာ လုပ်မထားနိုင်ခဲ့ဘူးဆိုရင် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကြုံတွေ့ရမယ့် အခက်အခဲတွေကို မှန်းဆကြည့်နိုင်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ အကြီးတန်း ပြောခွင့်ရ Herve Verhoosel က ပြောပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ ဒုက္ခသည်တွေ စတင်ထွက်ခွာလာခဲ့ကြပြီးနောက် ၂ နှစ်နီးပါး ကြာလာပြီးခဲ့သည့်တိုင် အခြေအနေတွေက ဆိုးရွားနေဆဲ ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ မလုံခြုံမှုက ရှိနေဆဲ ဖြစ်ပြီး တကယ်လို့ လူသားချင်းစာနာ ကူညီမှု တွေသာ လျော့သွားမယ်ဆိုရင် အခြေအနေက အလျင် အမြန် ဆိုးရွားသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဘေးဒဏ်သင့် ကလေးငယ်တွေ ပညာသင်ကြားရေးကို ထိခိုက်မှု အနည်းနိုင်ဆုံး ဖြစ်အောင် စာသင်ခန်းတွေ အပါအဝင် အပျက်အစီးတွေကို စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း UNICEF က ပြောပါတယ်။ ကောဇ့်ဘဇားက ရိုဟင်ဂျာ ကလေးငယ် ၅ သိန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေကြပြီး ဒီကလေးတွေနဲ့ အတူ ဒေသခံ လူမှုအသိုင်းအဝိုင်းကို ကူညီပေးနိုင်ရေး အတွက် UNICEF က ၂၀၁၉ ခုနှစ် အတွက် ရန်ပုံငွေ ဒေါ်လာ ၁၅၂ ဒသမ ၅ သန်း တောင်းခံထားပြီး လက်ရှိမှာတော့ ဒေါ်လာ ၆၈ ဒသမ ၇ သန်း ကွာဟနေကြောင်းလည်း UNICEF က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG