သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုင်းရင်းသားများ ခံစားချက် ဒေါ်စု ဆွီဒင်မှာပြောကြား


ဆွီဒင်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော။
ဆွီဒင်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော။

ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားတွေဘက်က ခွဲခြားဆက်ဆံခံနေရတယ်။ သူတို့ရဲ့ အရေးကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိဘူးလို့ ခံစားနေကြရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဆွီဒင် လွှတ်တော်မှာ အင်္ဂါနေ့မနက်က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့တာမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်း နေရတယ်လို့ ခုလို ရှင်းပြ သွားခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ရခိုင်တိုင်းရင်းသား အရေအတွက်ဟာ မွတ်ဆလင် အရေအတွက်ထက် နည်းပါတယ်။ မြန်မာနိုင်ငံထဲမှာ အခွင့်အရေးရရှိမှု အနည်းဆုံး လူမျိုးတွေထဲမှာ ပါတာကြောင့် သူတို့သိပ်ကို ခွဲခြားဆက်ဆံ ခံနေရတယ်လို့ ရခိုင်လူမျိုးတွေ ခံစားနေကြရပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုတွေကို ဗမာအစိုးရက ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်းဘူး လို့လည်း ခံစားနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေ အတွက် ငြိမ်းချမ်းရေးဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို အဓိကပြောသွားတဲ့ ဒီမိန့်ခွန်းထဲမှာ မတူကွဲပြားမှုတွေ များပြီး၊ ဒီမိုကရေစီစနစ် နုနယ် မပီပြင်သေးတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ရှုပ်ထွေးပြီး စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့လည်း ပြောသွားပါတယ်။ နှစ်ရှည်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အပြန်အလှန် လေးစား နားလည်မှု တည်ဆောက်နိုင်ရေးဟာ သိပ်ကို အရေးကြီးတယ် လို့လည်း ဆိုပါတယ်။

အစိုးရ၊ လွှတ်တော်၊ စစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြားမှာ သဘောတူညီမှုတွေ ရအောင်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတာကိုလည်း ရှင်းပြသွားခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက်ဆက်ပြီး ကြိုးစားအားထုတ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင် လွှတ်တော်မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG