သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ရေးကိစ္စ ရိုဟင်ဂျာဒုက္ခသည်တွေ တိုက်ရိုက်ဆွေးနွေးဖို့လိုလား


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက လူ ၇၀၀ လောက်ကို ပြန်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရရဲ့ လတ်တလော ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်နိုင်ရေး ဒုက္ခသည်တွေနဲ့သာ အရင်ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပြီး အဓိက လုံခြုံရေး၊ နောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ရင်းပြန်ရေး၊ သူတို့ ဆုံးရှုံးနစ်နာခဲ့ရတာတွေအတွက် တရားမျှတမှုရှိရေး ဆိုတာတွေကို အကောင်အထည်ဖော်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။ အရင် NLD အစိုးရ လက်ထက်ကတည်းက နှောင့်နှေးကြန့်ကြာခဲ့ရတဲ့ ရိုဟင်ဂျာတို့ နေရပ်ပြန်ရေး ဒုက္ခသည်တွေရဲ့ သဘောထားကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ဘက်က စစ်တပ်စခန်းနဲ့ နယ်ခြားစောင့် တပ်စခန်းတွေကို ဝင်ရောက်စီးနင်းမှုတွေအပြီး စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ချိန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးခိုလှုံနေကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း မတ်လလောက်မှာတော့ ဒီလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေထဲက လူ ၇၀၀ လောက်ကို ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်ဖြစ်ပြီး အရင် NLD အစိုးရ လက်ထက်ကတည်းက သဘောတူညီချက်အတိုင်း လက်ခံမှာဖြစ်တယ်လို့ ဦးလှသိန်းက ပြောခဲ့တာပါ။

“လူ ၇၀၀ လောက်ကို လက်ခံဖို့ အစီအစဉ်ရှိတယ်ဆိုတာ လွန်ခဲ့တဲ့ တလကျော်ကျော် ၂ လလောက် နီးပါးကတည်းက အဲလိုပြောပါတယ်။ ဆိုတော့ လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ သူတို့ပြောတဲ့အချိန်က COVID-19 ရောဂါ အကျဘက်မှာရှိတဲ့ အချိန်တုန်းကပေါ့နော်။ ဘယ်လိုလက်ခံမလဲ ဆိုတာကို ကျနော်သိထားသလောက် ပြောရရင်တော့ ကုန်းကြောင်းနဲ့ ရေကြောင်း နှစ်ခုက လက်ခံမယ်ပေါ့၊ တောင်ပြိုလက်ဝဲက ကုန်းကြောင်းကဝင်ရင် ကြိမ်ချောင်းက ရေကြောင်းကဝင်တာကို လက်ခံမယ်၊ နေရာနှစ်နေရာ လက်ခံမယ်လို့ သိပါတယ်။ လက်ခံတဲ့အခါမှာ ဘင်္ဂလားဒေရှ့်ဘက်က တရားဝင်ပို့ရမယ်၊ ပို့မယ့်လူတွေရဲ့ လူနာမည်တွေ လာမယ့်ဦးရေတွေ၊ ကျားမတွေ၊ စာရင်းတွေက ကျနော်တို့ ရပြီးသားဖြစ်မှာ ဖြစ်တယ်။ ဆိုတော့ မိသားစုတခုပို့လာရင် ကျနော်တို့ဘက်က လက်ခံဖို့ ညှိနှိုင်းပေးထားတဲ့လူ ဟုတ်မဟုတ်ကို ကျနော်တို့ စိစစ်ရမှာ ဖြစ်ပါတယ်။ လက်ခံမယ့်အစီအစဉ်က ရခိုင်ပြည်နယ်အစိုးရက လက်ခံမယ့် အစီအစဉ် မဟုတ်ပါဘူး။ ပြည်ထောင်စုက လက်ခံမယ့် အစီအစဉ်လို့ သိရပါတယ်ခင်ဗျာ။”

အခုလို မြန်မာစစ်ကောင်စီဘက်က ရိုဟင်ဂျာ ၇၀၀ ပြန်ခေါ်ဖို့ လုပ်နေတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မေးခွန်းထုတ်ပါတယ်။ ဒုက္ခသည်စခန်းတွေထဲ နေရပ်ပြန်နိုင်မယ်လို့ တရားဝင်ပြောဆိုချက် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသ ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ ခိုလှုံနေထိုင်ပြီး ဒုက္ခသည်တွေကို ပညာပေး အစီအစဉ်တွေမှာ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ြပောပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရ ဘက်ကရော ပြီးတော့ UNHCR ပေါ့၊ သူတို့ဆီကနေ ဒီမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် အကြောင်းကြားထားတာ ဘာတခုမှ မရှိပါဘူး။ လူပေါင်း ၇၀၀ ကျော် လက်ခံမယ်ဆိုပြီး ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကနေ မီဒီယာတွေကို ပြောဆိုနေသံပဲ ကျနော်တို့ ကြားရတယ်။ သူပြောတဲ့အထဲမှာ မေးခွန်းထုတ်စရာတွေ အများကြီးပါပဲ။ သူပြောတာတွေက ရှေ့နောက်မညီဘူး။ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း လှဖိုးခေါင်စခန်းရော ပြောတယ်၊ ၇၀၀ ကျော်ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဘယ်လိုစီစဉ်ပေးထားတယ် ဆိုတာလည်း ဒါတွေလည်း မပါဘူး။ ဆိုတော့ ဒီဘက်မှာရှိတဲ့ ကျနော်တို့ ဒုက္ခသည်တွေက သူ့ရဲ့ အင်တာဗျူးတွေ ဖြေထားတာတွေကို ဒီဘက်မှာ အမျိုးမျိုး မေးခွန်းထုတ်နေတာ ရှိတယ်။”

အသက်လုပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ ငါးနှစ်ကျော်ကြာ ဒုက္ခသည်စခန်းတွေထဲ ပင်ပန်းဆင်းရဲကြီးစွာ နေထိုင်လာခဲ့ပြီး သူတို့ရဲ့လုံခြုံရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှု စတဲ့ အခိုင်အမာ အာမခံချက်ပေးနိုင်တဲ့ အနေအထားတခုမရှိဘဲ နေရပ်ပြန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ်က ဆိုပါတယ်။

“ကျနော်မြင်တာကတော့ Justice ဆိုတာ တစုံတခုမှ မရဘဲနဲ့ အဲ့ဒီ့နေရာကို ဘယ်သူတဦးတယောက်မှ ပြန်ဝင်လာစရာ မရှိပါဘူး။ ဒါပေမယ့် တရားမျှတမှု ရမယ်ဆိုရင် ကျနော်တို့ ပြန်ဝင်လာဖို့ အဆင်သင့်ပါပဲ။ အခုက လုံခြုံရေးအာမခံချက် တခုမှ မကောင်းဘူး။ ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းက တဦးတယောက်က တာဝန်ခံထားတာ မရှိဘူး။ အဲ့ဒီတော့ ကျနော်တို့ အဲ့ဒီနေရာကို ဘယ်လိုပုံစံမျိုးနဲ့ ဝင်လာလို့ရမှာလဲ။ ကမ္ဘာ့အသိုင်းအဝိုင်းကရော ဘင်္ဂလားဒေ့ရှ် အစိုးရကရော တာဝန်ခံမှပဲ ကျနော်တို့ အဲ့ဒီနေရာကို ရောက်လာကြမှာ။”

မဆုမွန် - ဟုတ်ကဲ့၊ အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရ လက်ထက်တုန်းက သူတို့ပြန်ခေါ်မယ်ဆိုပြီး လုပ်တယ်။ ကမ့်ပ်တွေထဲအထိ လာပြီး ညှိနှိုင်းခဲ့တဲ့အထိ ရှိတယ်။ အဆင်မပြေဖြစ်ခဲ့တယ်။ ဆိုတော့ ဒီ နစက စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာ ပြန်ဖို့ဆိုတာ ပိုပြီးတော့မှ စိုးရိမ်စရာဖြစ်လာတယ်။ ဆိုတော့ အဲ့ဒီအခြေအနေအပေါ်မှာ ကိုကာမေလ် ဘယ်လိုသုံးသပ်မိလဲ။

ကိုကာမေလ် - “မြန်မာနိုင်ငံဘက်ကနေ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ဆိုတာ နှစ်ကြိမ်လာတယ်။ ကျနော်တို့ဘက်က မိမိတို့ မူရင်းနိုင်ငံကို ဂုဏ်သိက္ခာရှိရှိနဲ့ပဲ ပြန်လိုပါတယ်လို့ တောင်းဆိုထားတာရှိတယ်။ NLD အစိုးရ လက်ထက်တုန်းက ကျနော်တို့ ပြောခဲ့တာ တခုပဲရှိတယ်။ Go Home Dialogue လုပ်မယ်၊ ကျနော်တို့ မိခင်နိုင်ငံကို ဂုဏ်သိက္ခာရှိရှိ ပြန်လာမယ်လို့ ပြောခဲ့တယ်။ အဲ့ဒါကို အဖြေမပေးဘဲ ဒီအတိုင်းထားခဲ့လို့ နှောင့်နှေးကြန့်ကြာသွားရတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေက အားလုံးနဲ့ တန်းတူပဲလိုချင်တာ၊ အပိုမလိုချင်ဘူး။ မိမိတို့ နေရပ်ဌာနေ မွေးမြေမှာ ကျနော်တို့ နေထိုင်ရမယ်။ ကျနော်တို့ ဘိုးဘွားမိဘတွေ နေထိုင်ခဲ့တဲ့ နေရပ်မှာပဲ ကျနော်တို့ နေထိုင်ရမယ်။ အဲ့ဒီအခွင့်အရေးကိုပဲ ကျနော်တို့ တောင်းဆိုတာ အပိုတခုမှ မပါဘူး။ ဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ အကုန်လုံးပဲ ဒါကိုပဲလိုချင်တာ၊ ဒါကိုပဲ တောင်းဆိုတာ။ ဘယ်အစိုးရပဲဖြစ်ဖြစ် တရားဝင် ကြေညာပေးလိုက်ရင် ကမ္ဘာသိ လူသိ ကြားသွားရင် ကျနော်တို့ မနက်ဖြန် ပြန်ကြဖို့ အသင့်ပါပဲလို့ ပြောချင်ပါတယ်။”

နေရပ်ပြန်ရေး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တိုက်ရိုက်ဆွေးနွေးသင့်ပြီး နေရပ်ကနေ စွန့်ခွာခဲ့တဲ့ အချိန်ကစပြီး နှစ်ပေါင်း ဘယ်လောက်ကြာကြာ ရိုဟင်ဂျာတွေဟာ နေရပ်ကိုပြန်လာဖို့ အမြဲ အသင့်ပြင်ထားကြပြီးသားပါလို့လည်း ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပါတယ်။

“ကျနော်တို့က ပြန်ဖို့ အမြဲအဆင်သင့်ရှိပါတယ်။ အဆင်သင့်တာမှ ကျနော်တို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ကတည်းကကို ကျနော်တို့ဟာ ကိုယ့်နေရပ်ကို ကိုယ်ပြန်ဖို့ အဆင်သင့်ရှိတာပါ။ ဒါပေမယ့် တကယ်တမ်းက ကျနော်တို့ ပြန်ချင်ပေမယ့် ကျနော်တို့ကို ခေါ်ဖို့လူ မရှိတော့ဘူး။ အကုန်လုံးက အပြောတွေပဲရှိတယ်၊ လက်တွေ့ကျတဲ့လုပ်ရပ် ကျနော်တို့ တခါမှမတွေ့ဘူး။ အမှန်တကယ် ကျနော်တို့ကို နေရပ်ပြန်ခေါ်မယ်ဆိုရင် မြန်မာဘက်ကရော ဒီဘက်က ဘင်္ဂလားဒေ့ရှ်ကရော UN လည်းရှိမယ်၊ ကျနော်တို့ ဒုက္ခသည်တွေနဲ့ တိုက်ရိုက်ဆွေးနွေးရမယ်။ ဒီမှာ ကျနော်တို့ စခန်းအလိုက် လူကြီးတွေရှိတယ်၊ ဘာသာရေးခေါင်းဆောင်တွေရှိတယ်၊ လူငယ်တွေရှိတယ်၊ အမျိုးသမီးတွေရှိတယ်၊ သုံးပွင့် လေးပွင့်ဆိုင် ဆွေးနွေးပြီးတော့ အဖြေတခုထွက်အောင် ဆောင်ရွက်မှ အဖြေပေါ်လာမှာပါပဲ။”

အခုဆိုရင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေထိုင်နေကြရတာ ငါးနှစ်ကျော်ကြာလာချိန် ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်နိုင်ရေး နှစ်ဖက်အစိုးရ၊ ကုလသမဂ္ဂနဲ့ အကြိမ်ကြိမ် ညှိနှိုင်းမှုတွေရှိပေမယ့် နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေက နှောင့်နှေးပြီး မအောင်မမြင် ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး စတင်နိုင်ခြေ ရှိတယ်လို့တော့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်က ဒီသီတင်းပတ်အတွင်း ပြောဆိုထားပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်မှာတော့ စစ်ကောင်စီခန့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်နဲ့ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်လောက်က ရခိုင်ပြည်နယ်ကို လာရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့ပြီးနောက် အခုလို ရိုဟင်ဂျာတချို့ ပြန်ခေါ်မယ်ဆိုတဲ့ ရခိုင်ပြည်နယ်အစိုးရဘက်က ပြောဆိုသံ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)
















XS
SM
MD
LG