(Zawgyi/ Unicode)
ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အားအလုံးအရင်း ချထားရာကနေ တပ်သား ၁၀,၀၀၀ လောက်ကို မူလ တပ်ရင်း အခြေစိုက်စခန်းတွေမှာ နေရာပြန်ချထားလိုက်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့က ကြေညာခဲ့ပေမဲ့ ရုရှားစစ်ရေးလုပ်ဆောင်မှုအပေါ် အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေရဲ့ စိုးရိမ်မှုတွေကတော့ လျော့မသွားခဲ့ပါဘူး။
ယူကရိန်းနယ်စပ်မှာ တပ်သား ၁၀၀,၀၀၀ ကျော် ချထားတဲ့အတွက် တင်းမာမှုတွေ တိုးနေချိန်မှာပဲ ရုရှားသမ္မတ Vladimir Putin က အမေရိကန်နဲ့ NATO တို့နဲ့ ဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ပြောခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီး Sergey Lavrov ကလည်း လုံခြုံရေးဆိုင်ရာ အာမခံချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ NATO ဘက်က တုန့်ပြန်မှုကို ရုရှားက စောင့်နေဆဲ ဖြစ်ပြီး ဒီဆွေးနွေးညှိနှိုင်းမှုတွေမှာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပါ ပါဝင်မှ အဓိပ္ပါယ်ရှိမှာ ဖြစ်တဲ့အတွက် ရုရှားကာကွယ်ရေးအရာရှိတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေပါ ပါဝင်ဖို့ လိုအပ်ကြောင်း တနင်္လာနေ့ ရုပ်သံမေးမြန်းခန်းမှာ ပြောခဲ့တာပါ။
အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲကတော့ နှစ်သစ်ကူးအကြို နောက်ပိုင်းမှာ ဖြစ်လာနိုင်ပေမယ့် NATO နဲ့ ညှိနှိုင်းရာမှာ ချထားမယ့် သတ်မှတ်ချက် ဘောင်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ ရုရှားဘက်က စောင့်နေဆဲပဲ လို့လည်း ပြောပါတယ်။
၁၉၉၉ ခုနှစ်ကစပြီး အနောက်နိုင်ငံတွေနဲ့ လက်တွဲခဲ့တဲ့ ဘောလ်တစ် ဒါမှမဟုတ် ဥရောပအလယ်ပိုင်းနိုင်ငံတွေ မှာ NATO ဘက်က စစ်အင်အားချထားတာကို ပြန်ရုပ်သိမ်းပြီး နောက်ထပ်စစ်အင်အားတိုးချဲ့တာတွေပါ မလုပ်ဖို့ ရုရှားဘက်က တောင်းဆိုထားသလို ယခင် ဆိုဗီယက် သမ္မတ နိုင်ငံတွေ ဖြစ်ခဲ့ကြတဲ့ ယူကရိန်း ဖြစ်စေ၊ ဂျော်ဂျီယာ ဖြစ်စေ NATO မဟာမိတ်တွေနဲ့ မပူးပေါင်းဖို့ ရုရှားဘက်က လိုလားနေတာပါ။
အမေရိကန်ကရော NATO ကပါ ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဆန္ဒရှိနေပေမယ့် ရုရှားဘက်က လုပ်ဆောင်နေတဲ့ လက်ရှိပုံစံနဲ့ လုံခြုံရေးဆိုင်ရာ အဆိုပြုချက် တောင်းဆိုနေတာမျိုးကိုတော့ လက်ခံမှာမဟုတ်ဖူးလို့ အနောက်နိုင်ငံတာဝန်ရှိသူတွေက သတိပေးထား ရာကနေ အခုတော့ ရုရှားဘက်က ယူကရိန်းနယ်စပ်မှာ ချထားတဲ့တပ်သားတွေထဲက ၁၀ ရာခိုင်နှုန်း လောက်ကို လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။
(Unicode)