ပြီးခဲ့တဲ့၂၄ နာရီအတွင်းမှာပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသထဲက ကျေးရွာတခုကို ရုရှားတပ်တွေ ထပ်မံထိန်းချုပ်လိုက်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။ အဲဒီနေ့မှာပဲ ယူကရိန်းကလည်း နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေနဲ့ ထိတွေ့တိုက်ပွဲပေါင်း ၁၆၄ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းက Velyka Novosilka မြို့ကို ဝိုင်းပတ်သိမ်းယူနိုင်အောင် အနီးမှာရှိတဲ့ Storozheve ကျေးရွာကို ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ကပြောပါတယ်။ရုရှားတပ်ဖွဲ့တွေက Kharkiv၊ Avdiivka၊ Donetsk၊ Zaporizhzhia နဲ့ Kherson ဒေသတဝိုက်မှာရှိတဲ့ ယူကရိန်း တပ်ဖွဲ့တွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးကပြောပါတယ်။
ဒါ့အပြင် တင့်ကားနဲ့ အမြောက်တို့လို ယူကရိန်းစစ်လက်နက်တွေကို ဖျက်ဆီးခဲ့ပြီး မောင်းသူမဲ့လေယာဉ် ၁၄ စင်းကိုပါ ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းလေတပ်ကလည်း နိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်တွေနဲ့ထိတွေ့တိုက်ပွဲ ၁၆၄ ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ တနင်္လာနေ့နှောင်းပိုင်းမှာပြောပါတယ်။ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတလျှောက် ရုရှားတပ်တွေတက်မလာနိုင်အောင် မြေပြင်အခိုင်အမာခြေကုတ်ယူထားတယ်လို့လည်း ယူကရိန်းက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ရုရှားရဲ့ Kursk ဒေသထဲက ယူကရိန်းရဲ့ထိုးစစ်တွေကို ဆက်လက်ဆင်နွှဲနေတယ်လို့လည်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
Forum