သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအမှုနဲ့ပတ်သက်လို့ ရှေ့နေချုပ်ကို သမ္မတ Trump အပြစ်တင်


၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက် ဆက်နွယ်မှုတွေကို နှစ်နဲ့ချီ စုံစမ်းစစ်ဆေးမှုမှာ ရှေ့နေချုပ် Jeff Sessions က မကြီးကြပ်ခဲ့တဲ့ အပေါ် သမ္မတ Donald Trump က ပြစ်တင်လိုက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ ရှေ့နေချုပ် Jeff Sessions ကို ထပ်မံပြီး ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်လိုက်ပါတယ်။

လုပ်ကြံ ဖန်တီးထားတဲ့ ရုရှားအရေး စုံစမ်းစစ်ဆေးမှု ဆက်ပြီး လုပ်နေတဲ့ အကြောင်းရင်းကတော့ Jeff Sessions က သူ ဘေးထွက်နေမယ်ဆိုတာကို မပြောခဲ့လို့ ဖြစ်တယ်လို့ သမ္မတ Trump က တွစ်တာမှာ ရေးသားခဲ့တာပါ။ အချိန်ကုန် ငွေကုန်၊ လူတွေလည်း ဒုက္ခရောက်ကြရပြီး ဒီကိစ္စမှာ ပေါင်းပြီး ကြံစည်ခဲ့တာ မရှိဘူးဆိုတာကို Sessions အနေနဲ့ ပိုပြီး သိထားတယ်လို့လည်း သမ္မတက ရေးသားခဲ့တာပါ။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက်နှောင့်ယှက်မှု ရှိသလား၊ နောက် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI အကြီးအကဲ James Comey ကို ရာထူးက ထုတ်တာမှာ သမ္မတ အနေနဲ့ တရားရေးပိုင်းကို စွက်ဖက်ခဲ့သလားဆိုတဲ့ အပေါ် ကြီးကြပ် စုံစမ်းမှုကနေ လွန်ခဲ့တဲ့ တနှစ်ကျော်တုန်းက ရှေ့နေချုပ် Sessions က ဝင်မပါတော့ဘဲ ဘေးထွက် ရှောင်ရှားလိုက်ပြီးနောက် အထူးစုံစမ်းရေးမှူး Robert Mueller က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

FBI အကြီးအကဲဟောင်း Comey ရာထူးက ဖယ်ရှားခံရပြီး ရက်ပိုင်း အတွင်းမှာဘဲ ဒီအရေး စုံစမ်းစစ်ဆေးမှုကို အထူးစုံစမ်းရေးမှူး Mueller က ဦးဆောင်ဖို့ ဒုတိယ ရှေ့နေချုပ် Rod Rosenstein က ကြေညာခဲ့တာပါ။ သမ္မတ Trump ဘက်က ကန့်ကွက်တဲ့ ကြားကဘဲ အခုလို ဆောင်ရွက်ခဲ့တာပါ။

သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ ကာလကစပြီး ရွေးကောက်ပွဲ အနိုင်ရတဲ့ အထိ တစိုက်မတ်မတ် ထောက်ခံခဲ့တဲ့ အရင် Alabama အထက်လွှတ်တော် အမတ်ဟောင်း Sessions အနေနဲ့ ရှေ့နေချုပ် အဖြစ် ခန့်အပ်ခံရချိန်မှာတော့ စုံစမ်းစစ်ဆေးတဲ့ ကိစ္စနဲ့ ဆက်နွယ်သူတွေ စုံစမ်းရေးမှာ ပါဝင်မှုကို တားမြစ်တဲ့ တရားရေး ဌာနရဲ့ အစဉ်အလာ အတိုင်း လိုက်နာရတာ ဖြစ်ပါတယ်။ ရှေ့နေချုပ် Sessions မှာက အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခ ၂ ခု ရှိနေတာပါ။ သူက Trump ကို အခိုင်အမာ ထောက်ခံသူ တဦး ဖြစ်ခဲ့သလို သမ္မတ ရွေးကောက်ပွဲ စည်းရုံးရေး ကာလ အတွင်းမှာလည်း အမေရိကန် ဆိုင်ရာ ရုရှား သံအမတ်ကြီးနဲ့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG