သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ရုရှား ကျူးကျော်မယ့်အရေး အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ သတိပေး


အမေရိကန် စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley. (ဇန်နဝါရီ ၂၈၊ ၂၀၂၂)
အမေရိကန် စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley. (ဇန်နဝါရီ ၂၈၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းအရေး ရုရှားက စစ်အင်အားသုံး ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် သေကျေပျက်စီးမှုတွေနဲ့ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်ရလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley က သတိပေးလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ရှားရှားပါးပါး ပူးတွဲပြုလုပ်တဲ့ သောကြာနေ့ ပင်တဂွန်စစ်ဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Milley က ပြင်းပြင်းထန်ထန် သတိပေး ပြောကြားလိုက်တာပါ။ ရုရှားဘက်က ရှေ့ဆက်မတိုးရင်တော့ ကြေကွဲစရာ အခြေအနေတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ကြောင်းလည်း အမေရိကန် ထိပ်တန်းစစ်အရာရှိကြီးတွေက ပြောပါတယ်။

ကြည်းတပ်တွေ၊ လက်နက်ကြီးတွေ၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေ၊ လေတပ်အင်အားတွေ အလုံးအရင်းနဲ့ ပြင်ဆင်ထားတဲ့ ရုရှားအနေနဲ့ ယူကရိန်းအပေါ် တိုက်ခိုက်လာခဲ့မယ်ဆိုရင် သေကျေထိခိုက်မှုတွေ ကြီးမားမှာဖြစ်ပြီး လူနေထူထပ်တဲ့ နေရာမျိုးမှာဆိုရင် ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ကြုံရနိုင်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Milley က ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အား ၁ သိန်းလောက် တိုးမြှင့်ထားတာကြောင့် တင်းမာမှုတွေ အထွတ်အထိပ် ရောက်နေချိန်မှာပဲ အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူတွေရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။

သောကြာနေ့နှောင်းပိုင်းမှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူဟာ အရှေ့ဥရောပဒေသနဲ့ NATO မဟာမိတ်နိုင်ငံတွေဆီကို အမေရိကန်တပ်သားတွေ ထပ်ပြီး စေလွှတ်ပေးမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး အဆင့်မြင့်အရာရှိတွေကတော့ ရုရှားဟာ ယူကရိန်းကို အချိန်မရွေး အင်အားအလုံးအရင်းနဲ့ ဝင်တိုက်နိုင်အောင် ပြင်ဆင်ထားတယ်လို့ သတိပေးနေကြတာပါ။

မကြာသေးခင်က ရုရှားသမ္မတ Vladimir Putin က ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တယ်လီဖုန်းဆက်ချိန်မှာ အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ စိုးရိမ်ပူပန်မှုကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ ပျက်ကွက်နေတယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)









XS
SM
MD
LG