(Zawgyi/Unicode)
ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့က ရထားပြုပြင်ထိန်းသိမ်းရေးအဆောက်အအုံတခုအတွင်း ပစ်ခတ်မှုကြောင့် လူ (၈) ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ San Jose ဥပဒေထိန်းသိမ်းရေး အရာရှိတွေက ပြောပါတယ်။
မနက်ခြောက်နာရီခွဲလောက်မှာ San Jose က ရထားပြုပြင်ထိန်းသိမ်းရေးဝင်းအနီးမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ သတင်းပေးပို့ချက်အများအပြားရရှိခဲ့တယ်လို့လည်း Santa Clara ရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Russell Davis က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက စုံစမ်းစစ်ဆေးသူ တော်တော်များများ အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိနေပြီး လူတွေကို အဲဒီနေရာကနေ ရှောင်ရှားကြဖို့ အသိပေးထားတယ်လို့ဆိုပါတယ်။
သေဆုံးသူတွေထဲ သေနတ်သမားပါဝင်ပေမယ့် သူဘယ်လိုသေဆုံးသွားတယ်ဆိုတာနဲ့ ဘယ်လောက်များများ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့Davis က ဆက်ပြောသွားပါတယ်။
သယ်ယူပို့ဆောင်ရေး အာဏာပိုင် ဘုတ်အဖွဲ့ကတော့ ဒီပစ်ခတ်မှုကို အလွန် ဆိုးဝါးရက်စက်တဲ့ ဖြစ်ရပ်အဖြစ်ပြောဆိုထားပြီး ရထားဝန်ထမ်းမိသားစုတွေအတွက် ဒါဟာ အလွန် မှောင်မိုက်တဲ့ အခိုက်အတန့်လို့ပြောဆိုထားပါတယ်။
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း လက်ထောက်ပြန်ကြားရေးအတွင်းဝန် Karine Jean Pierre က ပြောဆိုရာမှာတော့ အခြေအနေကို အကဲခပ်စောင့်ကြည့်နေပြီး အထောက်အပံ့တွေကိုလည်း ဖြစ်နိုင်တဲ့နည်းနဲ့ ပေးနေတယ်လို့ဆိုပါတယ်။
ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသက San Joes မြို့တော်မှာ လူဦးရေ တသန်းလောက်နေထိုင်ပြီး ကမ္ဘာနဲ့အမေရိကန်ရဲ့ အကြီးဆုံး နည်းပညာ ကုမ္မဏီတွေအခြေစိုက်တဲ့ ဆီလီကွန်တောင်ကြားရဲ့ ဗဟိုချက်နေရာလည်းဖြစ်ပါတယ်။
.............
ကယျလီဖိုးနီးယား ပဈခတျမှု လူ ၈ ဦးသဆေုံး
(Unicode)