သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီမှာ တရက်အတွင်း လူ ၈၀ ကျော် သေဒဏ်စီရင်


ဆော်ဒီအာရေဗျနိုင်ငံအလံ။ (မတ် ၂၂၊ ၂၀၁၈)
ဆော်ဒီအာရေဗျနိုင်ငံအလံ။ (မတ် ၂၂၊ ၂၀၁၈)

(Zawgyi / Unicode)

ဆော်ဒီအာရေးဗျမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမျိုးသား ၈၁ ဦးကို သေဒဏ်စီရင်ခဲ့တာမှာ ယီမင်နိုင်ငံသား ၇ ဦးနဲ့ ဆီးရီးယားနိုင်ငံသား တဦးတို့ ပါဝင်ကြောင်း၊ အကြမ်းဖက်ဝါဒ၊ ကိုယ်ကျင့်သိက္ခာနဲ့မညီတဲ့ ယုံကြည်မှုတွေကို ကိုင်စွဲမှုတွေ အပါအဝင် စွဲချက်တွေနဲ့ စီရင်ခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန SPA က စနေနေ့မှာ ဖော်ပြပါတယ်။

ဆော်ဒီမှာ ၂၀၂၀ ပြည့်နှစ်က ၂၇ ဦးနဲ့ ၂၀၂၁ ခုနှစ်အတွင်း ၆၇ ဦး သေဒဏ်စီရင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ရင် အခုအရေအတွက်က များနေပါတယ်။

အပြစ်မဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ်မှု အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ဒီလူတွေကို ပြစ်ဒဏ်စီရင်ခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး SPA က ဖော်ပြပါတယ်။ ဒီလူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲမှာဆိုရင် ISIS, al-Qaida နဲ့ ဟူသီတို့လို ပြည်ပအကြမ်းဖက်ဝါဒစွဲ အဖွဲ့အစည်းတွေအပေါ် သစ္စာခံမှုလည်း ပါဝင်ကြောင်း ထပ်လောင်း ပြောဆိုပါတယ်။

တချို့ဆိုရင် အကြမ်းဖက်ဝါဒီ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေအထိ သွားရောက်ခဲ့ကြကြောင်းလည်း SPA က ဖော်ပြပါတယ်။ ဒီထဲမှာ ဆော်ဒီနိုင်ငံသား ၃၇ ဦးပါဝင်ပြီး သူတို့ဟာ လုံခြုံရေး တာဝန်ရှိသူတွေကို လုပ်ကြံရေးနဲ့ ရဲစခန်းတွေနဲ့ ယာဉ်တန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြတဲ့ အမှုတခုတည်းမှာပဲ အပြစ်ရှိကြောင်း တွေ့ရှိထားသူတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဆော်ဒီသတင်းသမား Jamal Khashoggi ကို သတ်ဖြတ်ခဲ့ပြီး နောက်ပိုင်း ဆော်ဒီရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ အနောက် မဟာမိတ်တွေက အလေးထား ဆန်းစစ်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး ဖိနှိပ်ချုပ်ချယ်တဲ့ တင်းကျပ်တဲ့ ဥပဒေတွေ၊ နောက် အရွယ်မရောက်ခင် အဖမ်းခံရသူတွေ အပါအဝင် သေဒဏ်အပြစ်ပေးနေတာတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို ဆော်ဒီဘက်က ငြင်းဆိုပြီး ဥပဒေနဲ့အညီ အမျိုးသားလုံခြုံရေးကို ကာကွယ်နေတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG