သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းသမား Khashoggi လုပ်ကြံခဲ့သူတွေထဲ ပါဝင်သူ ၈ ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ


Khashoggi အသတ်ခံရမှု ကိုအမိန့်ချတဲ့ ဆော်ဒီ တရားရုံး
Khashoggi အသတ်ခံရမှု ကိုအမိန့်ချတဲ့ ဆော်ဒီ တရားရုံး

(Zawgyi/Unicode)

Washington Post သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဆော်ဒီ သတင်းသမား Jamal Khashoggi ကို လုပ်ကြံခဲ့မှုမှာ ပါဝင်တဲ့လူ ၈ ဦးကို ဆော်ဒီ တရားရုံးက ထောင်ဒဏ် အပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ လုပ်ကြံမှုထဲ ပါဝင်သူ ၅ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ နဲ့ ကျန် ၃ ဦးကိုတော့ ၇ နှစ်နဲ့ ၁၀ နှစ်အကြား ချမှတ်လိုက်တယ်လို့ ဆော်ဒီ နိုင်ငံပိုင် သတင်းဌာနက တနင်္လာနေ့က ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်မှာ နေထိုင်သူ Khashoggi ဟာ ၂၀၁၈ ခုနှစ်က တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဌာနထဲမှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ လက်ထပ်ပွဲအတွက် ကောင်စစ်ဆိုင်ရာ စာရွက်စာတမ်းတွေကို သွားအယူ သူ လက်ထပ်မယ့် တူရကီသူ Hatice Cengiz အဆောက်အအုံ အပြင်မှာ စောင့်နေတုန်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Khashoggi ဟာ လက်ရှိ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman ကို အစဉ်တစိုက် ဝေဖန်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

တရားရုံးက စီရင်ချက် ချမှတ်ခံရသူတွေရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပါဘူး။

လောလောဆယ် တူရကီနိုင်ငံကလည်း Khashoggi လုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူ လူ ၂၀ ကို စွဲချက်တင်ထားပေမဲ့ ဆော်ဒီ အာရေဘီးယားနိုင်ငံက အဲဒီလူတွေကို တူရကီကို လွှဲပြောင်းပေးဖို့ ငြင်းဆန်ထားပါတယ်။

ကနဦးတုန်းကတော့ တရားရုံးက တရားခံ ၅ ဦးကို သေဒဏ် ချမှတ်ခဲ့ပေမဲ့ Khashoggi မိသားစုက သူတို့ကို ခွင့်လွှတ်တယ်လို့ ပြော တာကြောင့် သေဒဏ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

Khashoggi ရဲ့ ရည်းစား အပါအဝင် ဝေဖန်သူတွေကတော့ ဆော်ဒီ တရားစီရင်ရေး နှေးကွေးမှုနဲ့ လျှို့ဝှက်ထားမှုတွေကို ဝေဖန် ရှုတ်ချခဲ့ ပါတယ်။

ဥပဒေပြင်ပနဲ့ တဖက်သတ် တရားစီရင်ခြင်း ဆိုင်ရာ ကိစ္စ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ Agnes Callamard ကလည်း ဆော်ဒီ တရားရုံး ရဲ့ စီရင်ချက်ဟာ ဥပဒေပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ သူ့ရဲ့ တွစ်တာမှာ ရေးထား ပါတယ်။

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ CIA ကတော့ Khashoggi ကို သတ်ဖြတ်ဖို့ ဆော်ဒီ အိမ်ရှေ့ မင်းသား Mohammed bin Salman က အမိန့် ပေးခဲ့တယ်ဆိုတာကို ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအကြား ယုံကြည်ကြောင်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)










XS
SM
MD
LG