သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် Khashoggi ကို သတ်ဖြတ်မှုအတွက် ဆော်ဒီမှာ ၅ ဦး သေဒဏ်အပြစ်ပေးခံရ


(Zawgyi/Unicode)

ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုနဲ့ Saudi Arabia တရားရုံးတခုက လူ ၅ ယောက်ကို သေဒဏ်အပြစ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ Riyadh မြို့တော်မှာရှိတဲ့ ရာဇဝတ်တရားရုံးက စွပ်စွဲခံရသူ ၁၁ ယောက်ကို ပြစ်ဒဏ်ချခဲ့တာမှာ၊ သတ်ဖြတ်မှုကို တိုက်ရိုက်ပတ်သက်သူ ၅ ယောက်ကို သေဒဏ်ချခဲ့တယ်လို့ တရားရုံးရှေ့နေ ပြောခွင့်ရသူကပြောပါတယ်။

အမှုဖုံးကွယ်ဖို့ကြိုးစားမှုနဲ့ နောက်ထပ် ၃ ယောက်ကိုလည်း ထောင်ဒဏ်တွေချခဲ့တာမှာ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်ချခဲ့တယ်လို့ ပြောပါတယ်။ Washington Post သတင်းစာတိုက်ရဲ့ သတင်းထောက် Jamal Khashoggi ဟာ ၂၀၁၈ ခုနှစ်တုန်းက တူရကီနိုင်ငံ Istanbul မြို့တော်က Saudi ကောင်စစ်ရုံးထဲမှာ အသတ်ခံရပြီး အလောင်းဖျောက်ဖျက် ခံရတာဖြစ်ပါတယ်။

Saudi အစိုးရအပေါ် ဝေဖန်သူသတင်းထောက် အသတ်ခံရမှုမှာ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပေမဲ့ Saudi အစိုးရကတော့ ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသားရဲ့အဓိက အကြံပေး Saud al-Qahtani ကို အတော်ကြီးလှို့ဝှက်တဲ့ စစ်ဆေးမှုတွေကနေ လွှတ်ပေးခဲ့ပြီး တနင်္လာနေ့မှာ ကျန်တဲ့ တရားစွဲခံရသူတွေကို ထောင်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စကို အနီးကပ် စောင့်ကြည့်လေ့လာနေသူ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးက ဥပဒေပြင်ပနဲ့ တဖက်သတ် တရားစီရင်ခြင်း ဆိုင်ရာ ကိစ္စ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ Agnes Callamard ကတော့ ဒီ တရားစီရင်မှုဟာ ပြက်ရယ်ပြုစရာ တစ်ခုသာ ဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပြီး တရားရေးဆိုင်ရာ လစ်ဟာချက်တွေ အများကြီး ရှိတယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ပါရီ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ဒီ တရားစီရင်ချက်ဟာ တရားမျှတမှုကို စော်ကားလိုက်တာပဲလို့လည်း ပြောပါတယ်။ တူရကီနိုင်ငံကလည်း ဒီ စီရင်ချက်ဟာ အမှန်တရားနဲ့ ဝေးကွာလွန်းတယ်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Zawgyi/Unicode)






XS
SM
MD
LG