သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Save the Children ကယားနဲ့ ချင်းပြည်နယ်တွင်း လုပ်ငန်းတွေ ရပ်ဆိုင်း


ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးငယ်များ။ (ဇူလိုင် ၃၊ ၂၀၂၁)
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးငယ်များ။ (ဇူလိုင် ၃၊ ၂၀၂၁)

(Zawgyi / Unicode)

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ Save the Children အဖွဲ့က ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း နေရာတချို့က သူတို့လုပ်ငန်းတွေကို ယာယီဆိုင်းငံ့ထားလိုက်ပြီလို့ ကြေညာပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၄၀ နီးပါး သတ်ဖြတ် မီးရှို့ခံရတဲ့ ဖြစ်ရပ်အတွင်း သူတို့ဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံက လုပ်ငန်းတချို့ ရပ်ဆိုင်းထားလိုက်တာပါ။

သူတို့ဝန်ထမ်း ၂ ဦး စီးနင်းပါဝင်တဲ့ ကားတစီး အဲဒီမှာ တိုက်ခိုက်မီးရှို့ခံရတယ် ဆိုတာကိုလည်း Save the Children က အတည်ပြုထားပါတယ်။

လူသားချင်းစာနာမှု အကူအညီလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူတို့ဝန်ထမ်းနဲ့ အပြစ်မဲ့ အရပ်သားတွေ အခုလို အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ်မှာ ထိတ်လန့်တုန်လှုပ်ရတယ်လို့ Save the Children အဖွဲ့ အမှုဆောင်အရာရှိချုပ် Inger Ashing က ပြောပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖရူဆိုမြို့ အရှေ့ဘက် မိုဆိုကျေးရွာအနီး စစ်ကောင်စီက ဒီဇင်ဘာ ၂၄ ရက်နေ့ ဖမ်းထားတဲ့ စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း အယောက် ၃၀ ထက်မနည်းကို မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေကို KNPP နဲ့ PDF လက်နက်ကိုင်တွေက စတင်တိုက်ခိုက်လို့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ မသင်္ကာဖွယ် မောင်းနှင်လာတဲ့ မော်တော်ယာဉ် ၇ စီးကို စစ်ဆေးဖို့ ရပ်တန့်စေရာမှာ မရပ်ဘဲ စတင်ပစ်ခတ်လို့ လုံခြုံရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် လူအရေအတွက် ဘယ်လောက်သေဆုံးတယ် ဆိုတာနဲ့ မီးရှို့မှုတွေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြပါဘူး။

KNDF ကရင်နီအမျိုးသား ခုခံကာကွယ်ရေးတပ်ကတော့ သေဆုံးသူတွေဟာ သူတို့တပ်က မဟုတ်ဘူးလို့ ငြင်းထားပြီး ဒီလူတွေဟာ စစ်ဘေးဒုက္ခသည် အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ Save the Children အဖွဲ့ကြီးက ဝေဖန်ရှုတ်ချထားသလိုပဲ နောက်ထပ် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ CARE International ကလည်း အရပ်သားတွေအပေါ် အခုလို အကြမ်းဖက်တိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချပြီး ဒေသတွင်းက အကူအညီပေးရေး လုပ်သား ၂ ဦး ပျောက်ဆုံးနေတဲ့ ကိစ္စအပေါ်မှာလည်း အလွန်တရာ စိုးရိမ်ကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်း ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူပေါင်း ၁,၃၇၅ ဦးထက်မနည်း ရှိသွားပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်ကောင်စီကတော့ ဒီအရေအတွက်ကို ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)











XS
SM
MD
LG