သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အရေးပါတဲ့ခြေလှမ်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး တညီတညွတ်တည်း တောင်းဆို ဆောင်ရွက်လာတာဟာ သိပ်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း မြန်မာ့တပ်မတော် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ကို ဆက်သွယ်ပြီး အာဏာသိမ်းမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားသူ အားလုံးကို အမြန် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ တနင်္လာနေ့ အစောပိုင်း စစ်တပ်ကအာဏာသိမ်းတယ် ဆိုတာကို သိသိချင်းမှာပဲ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ်ထိခိုက် စေနိုင်တယ် ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပြော ဆိုခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဟာ မြန်မာ့အရေးအတွက် အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေကြောင်းနဲ့ ကြာသပတေးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တညီတညွတ်တည်း ပြောဆိုလာချိန်မှာတော့ ဒါဟာသိပ်အရေးပါတဲ့ခြေလှမ်းတရပ် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ ကုလသမဂ္ဂသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်ကို ကြည့်ရင် ကုလသမဂ္ဂက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တညီတညွတ်တည်း လုပ်ဆောင်လာတဲ့ အတွက် ဒါဟာ အပြုသဘောသိပ်ဆောင်သလို သိပ်ကို အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်တာ တွေ့ရကြောင်း ပြောသွားတာပါ။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး လုံခြုံရေးကောင်စီက ပထမဆုံးထုတ်ပြန်တဲ့ တောင်းဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးဖို့ ပါဝင်ပြီး ဒါကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ကြာသပတေးနေ့က တညီတညွတ်တည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဒီမိုကရေစီ အဖွဲ့အစည်း တွေနဲ့ ဒီမိုကရေစီ ဖြစ်စဉ် ဆက်လက်ရှင်သန်ရေး၊ အင်အားသုံးအကြမ်းမဖက်ရေး၊ အခြေခံအခွင့်အရေးတွေနဲ့ ဥပဒေစိုးမိုးရေးကိုလေးစား လိုက်နာရေး တွေရှိဖို့ အလေးထား ဖော်ပြထားတာပါ။ အဖွဲ့ဝင်၁၅ နိုင်ငံအနေနဲ့ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒ အကျိုးစီးပွားနဲ့ အညီ နှစ်ဖက်စေ့စပ်ဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးကို အားပေး ထောက်ခံတယ်လို့လည်း လုံခြုံရေးကောင်စီက ပြောပါတယ်။

စစ်တပ်ကထိန်းသိမ်းထားသူ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အပြင် အရပ်ဖက် အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေအတွက် အလွန်စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း မြန်မာနိုင်ငံရဲ့ နောက်ဆုံး အခြေနေနဲ့ ပတ်သက်ပြီး ဆက်သွယ်ကြိုးပမ်းမှုတွေ လုပ်နေရာမှာ သောကြာနေ့ကတော့ နေပြည်တော်က တပ်မတော်အကြီးအကဲ တဦးနဲ့ အဆက်သွယ်လုပ်နိုင်ခဲ့တယ်လို့ လည်း Stephane Dujarric က ပြောပါတယ်။

“သူဟာ မြန်မာ့တပ်မတော် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းနဲ့ အွန်လိုင်းကနေ တွေ့ဆုံပြောကြားခဲ့ပါတယ်။ တပ်မတော်ရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အတားအဆီး ဖြစ်စေတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့လည်း ထပ်မံတောင်း ဆိုခဲ့တယ် လို့ ပြောသွားတာပါ။”

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ပြန်လာရေး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ တာဝန်ခံတာဝန်ယူမှုနဲ့ အထူးသဖြင့် ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်ဖို့လို အရေးကြီးတဲ့ကိစ္စရပ်မျိုး တွေ အတွက် တိုးတက်မှုရှိအောင် လုပ်ဖို့လိုအပ်ကြောင်းလည်း အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မစ္စ Burgener ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့လည်း ဆက်သွယ် ဆွေးနွေးနေပြီး မြန်မာ့နိုင်ငံအတွက် ထားရှိတဲ့ တူညီတဲ့ရည်မှန်းချက် အတိုင်း အားလုံး လက်တွဲဆောင်ရွက်ကြဖို့ အာဆီယံအတွင်းရေးမှုးချုပ်နဲ့ သောကြာနေ့မှာပြောဆိုဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အင်္ဂါနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင့်သုံးလာစေအောင် လုပ်ဆောင်ပေးဖို့ လုံခြုံရေး ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)












XS
SM
MD
LG