သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့ဒေသတချို့မှာ ဖမ်းဆီးမှုတွေရှိခဲ့ပြီး လုံခြုံရေး ပိုတင်းကျပ်


မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

စစ်တပ်က နိုင်ငံတဝန်းမှာ လုံခြုံရေး ပိုတင်းကြပ်ထားပြီ ရှာဖွေ စစ်ဆေး ဖမ်းဆီးတာတွေကိုလည်း နေ့ဘက်ရော ညဘက်တွေမှာပါ ဆက်တိုက်လိုလုပ်လာနေပါတယ်။ ဒီကြားထဲကပဲ ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေလည်း နေရာတချို့မှာ ရှိနေပါတယ်။ ရက်အတော်ကြာ ဆန္ဒပြပွဲမရှိခဲ့တဲ့ ရန်ကုန်မှာ တောင် ဒီကနေ့ ဆန္ဒပြပွဲတခုရှိခဲ့ပါတယ်။ ဒီအခြေအနေတွေစုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာ မနေ့ညပိုင်းက စစ်တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးပြီး လူတချို့ကို ဖမ်းဆီးသွားတဲ့အကြောင်း မြေအောက်လှုပ်ရှားမှုအဖွဲ့တဖွဲ့ဖြစ်ပြီး OCTOPUS လို့ အမည်ပေးထားတယ် ဆိုတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“ကြားမိသလောက်ကတော့ သူတို့သည် ညဖက် သံပုံးတီးတဲ့လူတွေ ဖြစ်တယ်။ ညဖက်ကို ဆေးကိစ္စတွေ၊ ပရဟိတကိစ္စတွေ အောက်စီဂျင်ကိစ္စတွေနဲ့ အပြင်ထွက်တဲ့သူတွေ ဖြစ်ပါတယ်ဗျ။ အဲ့လို ထွက်တဲ့သူတွေကို ရိုက်နှက် ဖမ်းဆီးမယ်၊ ပုဒ်မတခုခု တပ်မယ်ပေါ့နှော်။ သူတို့ ရထားတဲ့ သက်သေတွေနဲ့ အမှုတခုလုပ်ပြီးတော့ အပေါ်ကလည်း သူတို့ကို ဒီအမှုအတွက် ဘယ်နှစ်ရက်အတွင်း ရအောင်ဖမ်းဆိုတာမျိုးတွေလုပ်တော့ သူတို့က ကြုံရာလူဆွဲပြီးတော့ ခေါင်းစဉ်တပ်လိုက်တာမျိုးတွေပေါ့။ ဒါလည်း အရင်တုန်းကလည်း ခေတ်အဆက်ဆက်ကိုက သူတို့အနေနဲ့ ဒီစနစ်ဟောင်းကြီးကို သူတို့ ပြန်သုံးနေကြတာဖြစ်ပါတယ်ခင်ဗျ။”

ရန်ကုန်မှာ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး အရပ်ဝတ်တွေနဲ့ ကင်းပုန်းစောင့်ကြည့်တာတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆန္ဒပြပွဲတွေ မရှိသလောက်ဖြစ်ခဲ့ပြီး ဒီကနေ့မှာ ပြန်ထွက်ခဲ့တယ်လို့လည်း အဲဒီအဖွဲ့ကလူကပြောပါတယ်။

“ကျွန်တော်တို့ အဖမ်းအဆီးတွေကလဲ သိတဲ့အတိုင်းပဲ ပေါ့နှော်၊ အကုန်လုံးကလဲ များလာပြီ၊ ပြီးတော့ ဒလန်တွေ၊ စအဖတွေကလည်း ခြေရှုပ်နေကြတယ်ပေါ့နှော်။ ဒါသူတို့လဲ သတင်းတွေ ကြားထားတော့ အဖမ်းအဆီးတွေ များနေတယ်။ အဲ့တော့ သပိတ်တွေ နည်းသွားတယ်ပေါ့နှော်။ နည်းသွားတော့ ကျွန်တော်တို့ အရင် နည်းလမ်းဟောင်းကိုပဲ ပြန်သုံးပြီးတော့ ရပ်ကွက်တွေ မြို့နယ်တွေကနေပြီးတော့ တခုချင်းစီကနေ ပြန်စကြမယ်ဆိုပြီးတော့ လှိုင်ကနေပြီးတော့ ထွက်ဖြစ်တာပါ ခင်ဗျ။ ဒီနေ့ အင်အားကတော့ ၂၀ ကျော်လောက်ပဲ ပါတယ်ခင်ဗျ။”

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အလုံရဲစခန်းမှာ မနေ့ည ၉ နာရီဝန်းကျင်လောက်က ပေါက်ကွဲသံတခုကြားရပြီးတဲ့နောက် ပစ်ခတ်သံတချို့ကို ဆက်တိုက်ကြားခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အရင်ဆုံး စခန်းတခုထဲမှာ ဗုံးကွဲတယ်လို့ ပြောတယ်ဗျ။ ဗုံးကွဲပြီးတဲ့နောက် သေနတ်သံ ၈ ချက်လောက် ထွက်လာတယ်ပေါ့။ အဲ့လောက်ပဲ ကျွန်တော်တို့ သိရတယ်။ အဲ့ဒီနောက်ဆက်တွဲကတော့ ကျွန်တော်တို့လဲ စုံစမ်းနေဆဲပေါ့၊ မနေ့က ညနက်လို့လေ။ အပြင်ကနေ ပစ်သွားတာပေါ့၊ ဗုံးသံက အရင်ကြားရတာ၊ ဗုံးသံပြီးမှ သေနတ်သံ ကြားရတာ။ ကျွန်တော်တို့ အထင်ပြောရရင်တော့ လာခွဲတဲ့သူတို့ ရမ်းပစ်တာပေါ့။ ၈ ချက်လောက်တော့ ကြားရတယ်။”

မုံရွာမှာလည်း လုံခြုံရေး ပိုပြီးတင်းကျပ်ထားတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“မုံရွာမှာ ဒီနေ့သူတို့က သူတို့ရဲ့ မထွက်ရဆိုတဲ့ အမိန့်အောက်မှာ လမ်းပေါ်မှာ တယောက်မှ မနေရဘူးဆိုပြီး အောက်စီဂျင်တန်းတဲ့ အဖွဲ့တွေရော ဘယ်သူမှ မနေရဘူးဆိုပြီး ပြောသွားတယ်ဗျ။ ခု အချုပ်ကားတွေကလည်း တမာတန်းမှာရော၊ ပေ ၈၀ လမ်းမှာရော အာဇာနည်လမ်းပေါ်မှာရော အကုန်စောင့်နေတယ်။ အကုန်လုံးကို သူတို့ မထွက်ရဆိုတဲ့အချိန်မှာထွက်ရင် အကုန်ဆွဲပြီးတော့ ဖမ်းသွားတယ်။”
ကလေးမြို့မှာ သြဂုတ်လ ၁၈ ရက် မနေ့ကစပြီး စစ်တပ်က လုံခြုံရေးတင်းကြပ်တာတွေ၊ အစစ်အဆေးတွေနဲ့ လှုပ်ရှားမှုတွေ ပြန်များလာတယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

“မနေ့က စပြီး ပြန်လှုပ်ရှားတယ်။ အခုလဲ ခုမနက်တင်ကို ကားဆယ်စီးလောက်နဲ့ ဟွန်းတွေတီးပြီး တောင်ပိုင်းကိုသွားတာတွေ့တယ်။ ကလေး ဂန့်ဂေါလမ်းပိုင်းမှာလည်း မနေ့က သူတို့ မိုင်းတွေ ခွဲခံရတာတွေလည်းရှိတော့လေ၊ ခုရက်ပိုင်းက အရင်ထက် စာရင် ပိုပြီးမှကို လုံခြုံရေး လှည့်ကင်းတွေလည်း ရှိတယ်။ နောက်ပြီးတော့ ကလေးမြို့ ထိုမာလမ်းခွဲနားမှာ GTC ရှိတယ်။ အဲ့ဒီနားကနေ စပြီးတော့ တောက်လျောက် ကင်းပုန်းတွေ ရှိတယ်။ တောက်လျောက် လုံခြုံရေးတွေ ယူထားတယ်ပေါ့။ အဲဒီမှာ ကလေး ဂန့်ဂေါလမ်းတောက်လျောက်။ ညတုန်းက သေနတ်ဖောက်သံတွေတော့ ကြားရတယ်။ ညက အစီး ၃၀ ကျော် ဝင်လာတယ်။ ဂန့်ဂေါဖက်ကနေ ဝင်လာပြီးတော့ ည ၉ နာရီခွဲ ၁၀ နာရီ နီးပါးလောက်မှာ သေနတ်တွေ ဖောက်တာတော့ ရှိတယ်။ အပြန်အလှန်ပစ်တာမျိုးတော့ မဟုတ်ဘူး။ သူတို့ တဘက်တည်းပစ်သွားတာ။”

ဒီကနေ့ နေ့လည်ပိုင်းက ဖျာပုံမြို့မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ အမျိုးသားတဦး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့က စုပေါင်းရုံးအတွင်းမှာ ဒီကနေ့ မနက်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့ပါတယ်။
အခုလို အခြေအနေတွေအောက်မှာပဲ ကလေး၊ မန္တလေး၊ ရန်ကုန်၊ ရွှေဘို၊ မွန်ပြည်နယ် ပေါင်မြို့ စတဲ့ ဒေသတစ်ချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG