သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်မယ်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁။)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁။)

(Zawgyi / Unicode)

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ပြောပါတယ်။

"မြန်မာနိုင်ငံက မင်းအောင်လှိုင် အပါအဝင် ခေါင်းဆောင်အများအပြားက အစည်းအဝေး တက်ရောက်မယ့်အကြောင်း အတည်ပြုထားပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat က သတင်းထောက်တွေဆီ ပေးပို့တဲ့ မက်ဆေ့ချ်ထဲမှာ ရေးထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုဖို့ စစ်ကောင်စီပြောခွင့်ရကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

မြန်မာ့အရေး အထူးကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပမှာပါ။

ဒါဟာဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပြီးကတည်းကဆိုရင် စစ်ကောင်စီခေါင်းဆောင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သလို ပြည်ပခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံတက်ရောက်တဲ့ စည်းဝေးပွဲလည်း ဖြစ်ပါလိမ့်မယ်။

ဒီထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ အာဆီယံအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားသင့်ဘူးလို့ သောကြာနေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့ ပြောခွင့်ရ ဒေါက်တာဆာဆာက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

"လူသတ်ခေါင်းဆောင်" ကို ဒီလိုဖိတ်ကြားတာဟာ ထိပ်သီးအစည်းအဝေးအတွက် ရှက်ဖွယ်လိလိ ဖြစ်ရုံသာမက မြန်မာလူထုကို စော်ကားမှုကြီးအဖြစ် ယူဆရမှာဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ရေးထားပါတယ်။

အာဆီယံအဖွဲ့ကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေသူတွေကြား စေ့စပ်ညှိနှိုင်းရေး ဖြစ်လာဖို့ ပထမခြေလှမ်းအဖြစ် မြန်မာနိုင်ငံကို လူသားစာနာမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းနဲ့ စတင်ရင် ကောင်းမလားဆိုတာ စဉ်းစားသုံးသပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG