သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အပေါ် အကဲခတ်တွေရဲ့အမြင်


ရုရှားနိုင်ငံရောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (photo - TV screenshot )
ရုရှားနိုင်ငံရောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (photo - TV screenshot )

[ Zawgyi ]

မြန်မာနိုင်ငံမှာ အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့နိုင်ငံရှိတယ်ဆိုတာ ပြသချင်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်နေတာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်ကနေ မြန်မာနဲ့ ရုရှားကြား အစိုးရချင်းထက် စစ်တပ်ချင်း ဆက်ဆံရေး ပိုရင်းနှီးမှုရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အပေါ် ရန်ကုန်ကလာတဲ့ သုံးသပ်ချက်ကိုတော့ ကိုရဲမွန်က တင်ပြပါမယ်။

ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ မော်စကိုမြို့တော်မှာကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန် ပြစ်တင်နေသလို အနောက်နိုင်ငံတွေက ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ လုပ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ရုရှားနိုင်ငံကို သွားရောက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီအပေါ် ထောက်ခံတဲ့နိုင်ငံရှိတယ်ဆိုတာ ပြသဖို့သွားတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာအကဲခတ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။ သူ့ခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။

“ ကျနော်သိပ်ထူးထူးခြားခြားပြောင်းလဲမယ်လို့ မထင်ပါဘူးဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ သွားကြတာကတော့ နိုင်ငံတကာ လုံခြုံရေး ပြဿနာနဲ့ ပတ်သတ်ပြီးတော့ အမြင်ညှိုနှိုင်း ဆွေးနွေးကြတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါတစ်ခုပေါ့နော်။ နော်တစ်ခုကတော့ သူက သီးခြား သမ္မတ ပူတင်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ လည်း သိရပါတယ်။ အဲလိုသိရတဲ့ အခါကျတော့ ကျနော်တို့ ဘယ်လိုမှ ဗမာပြည် ပြဿနာနဲ့ ပတ်သတ်ပြီး နှစ်ဦးနှစ်ဖက် တွေ့ဆုံဖို့ ဘာဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလို့ ကျနော်ယူ ဆပါတယ်နော်။ ဒါပေမယ့်ဘာဖြစ်လို့ သွားတာလည်းဆိုတော့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိတယ်ဆိုတာကို ပြသချင်လို့ သွားတယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျာ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် ဝေဖန်ပြစ်တင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၁၈ ရက်နေ့ကပဲ ချမှတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံ မဲခွဲဆုံးဖြတ်ချိန်က မဲမထည့်ဘဲ နေခဲ့တဲ့ ၃၆ နိုင်ငံထဲမှာ ရုရှားနိုင်ငံလည်း ပါပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံထဲကို လက်နက်တင်သွင်းမှုတွေ တားဆီးကြဖို့ တောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်ဟာ ရုရှားအပါအဝင် အရှေ့ဥရောပက စစ်လက်နက်နဲ့ ထောက်လှမ်းရေးသုံး ပစ္စည်းတွေ ဝယ်ယူနေတာဖြစ်လို့ အခုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာလည်း စစ်လက်နက် ဝယ်ယူရေးကိစ္စတွေလည်း ပါနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြင်ပါတယ်။

“ပါနိုင်ပါတယ်။ အဓိက အားဖြင့်တော့ စစ်လက်နက်ရောင်းဝယ်ရေး ကိစ္စတွေတော့ ပါနိုင်ပါတယ်။ ဒါကတော့ ရုရှားတပ်မတော်ရဲ့ လုံခြုံရေးမှူးနဲ့ သူတို့ ဗမာပြည်မှာ ဖြစ်နေတဲ့ အခြေအနေအပေါ်မှာ သူတို့ တပ်မတော်အတွက် လိုအပ်တာတွေ မှားကြားဝယ်ယူဖို့ စတဲ့ ကိစ္စတွေတော့ ပါနိုင်မယ်လို့ ကျနော်တော့ မှန်းဆကြည့်ပါတယ်။”

အာဏာသိမ်း စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတချို့က မြန်မာစစ်ကောင်စီအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးအရ ပိတ်ဆို့တာတွေ လုပ်နေချိန်မှာ စစ်ကောင်စီက ရုရှားအစိုးရရဲ့ ထောက်ခံမှုကို ရယူဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာစစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ ထောက်ခံမယ့် အနေအထားမတွေ့ရဘူးလို့လည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ရုရှားနဲ့ မြန်မာကြား အစိုးရချင်းထက် စစ်တပ်ချင်း ဆက်ဆံရေးသာ ပိုခိုင်မာကောင်း ခိုင်မာလာမယ်လို့ သူကမြင်ပါတယ်။

“ ရုရှားကလည်း သူအခါတိုင်းလိုပဲ ဒီကနေပြီးတော့ ငွေပေးချေနိုင်တယ် ဘာညာဆိုရင် သူလည်း စစ်လက်နက်ပစ္စည်းတွေ ရောင်းမှာပဲ။ ဒါသူလည်း ရောင်းနေကြပဲ။ နောက် ဆက်ဆံရေး ထူထောင်တာတွေလည်း ပုံမှန် ထူထောင်ထားမှာပဲ။ ဘာလို့လည်းဆိုတော့ စစ်တပ် စစ်တပ်ချင်း ဆိုတာက ရုရှားနဲ့မှမဟုတ်ဘူး။ လက်ရှိမြန်မာစစ်တပ်က တကမ္ဘာလုံးက စစ်တပ်နဲ့ အဆက်အသွယ် အဆက်အဆံ ရှိနေတာပဲလေ။ အမေရိကန်စစ်တပ်နဲ့ ဆိုရင်လည်း သူတို့ Online conference တွေဘာတွေမှာလည်း ဆုံတာပဲ။ စစ်တပ်အနေနဲ့ အသိအမှတ်ပြုမှုပဲ သူရမှာ။ ပြောရမယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ သူကြိုးစားတာတွေကတော့ အောင်မြင်တာ မတွေ့ရဘူး။ အခုသူ ဒီလိုမျိုး သွားလိုက်တဲ့ အခါကျတော့ ပိုပြီးတော့ ပေါ်လွင်သွားတာပေါ့။ ပေါ်လွင်သွားတယ်ဆိုတာက အရင်ခေတ်အဆက်ဆက် စစ်အစိုးရတွေကို ထောက်ခံပေးလာတဲ့ ရုရားက အခုဆိုရင် ဒီမြန်မာစစ်တပ်ရဲ့ စစ်ခေါင်းဆောင်တွေကို ရုရှားအစိုးရအနေနဲ့ ထောက်ခံမယ်ဆိုတဲ့ အရိပ်အရောင်တောင် မတွေ့ရဘူး ဆိုတာကတော့ ပေါ်လွင်သွားတာပေါ့။ အဲဒီလိုပဲ နားလည်ပါတယ်။ ”

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံကို ဇွန်လ ၂၂ရက်နေ ၂၄ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်တို့လည်း ရုရှားခရီးစဉ်မှာ လိုက်ပါသွားကြပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ ဧပြီလတုန်းကလည်း အာဆီယံအဖွဲ့တွင်း မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပတဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]












XS
SM
MD
LG