သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲအခြေအနေ ကုလ စိုးရိမ်


စစ်ရှောင် ဒုက္ခသည်များ
စစ်ရှောင် ဒုက္ခသည်များ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ သိသိသာသာ ပိုများလာနေတဲ့အပေါ် အထူးစိုးရိမ် တဲ့အကြောင်း ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်နဲ့ လူသားစာနာမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းရေးမှူး June Kunugi က ပြောပါတယ်။

သြဂုတ်လလည်ကတည်းကဆိုရင် သေဆုံးသူ အရပ်သား ၁၇ ဦးထိ ရှိနေပြီဖြစ်ပြီး ဒဏ်ရာရသူက ၂၇ ဦးရှိထားပြီးတော့ အတော် များများက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ မစ္စ Kunugi က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီဒေသမှာ အခုအခါ ခရီးသွားလာမှု ဘေးရန်မကင်းသလို အခြေခံအဆောက်အအုံတွေ ပျက်စီးနေပြီးတော့ လူအများအပြား သူတို့ကျေးရွာတွေမှာ ပိတ်မိနေကြပြီး သူတို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပိုဖြစ်လာနေတာနဲ့အမျှ ထွက်သွားဖို့ ကြောက်ရွံ့နေကြ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အရပ်သားတွေ ထပ်ပြီး ထိခိုက်ရတာ၊ ဘေးဒုက္ခရောက်တာ မဖြစ်ရအောင် အကာအကွယ်ပေးရေး အမြင့်မားဆုံး ထိန်းသိမ်း လုပ်ဆောင်ကြဖို့ သက်ဆိုင်သူတွေအားလုံးကို မစ္စ Kunugi က တိုက်တွန်း ထားပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးရမှာဖြစ်ပြီး လိုအပ်နေသူတွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေကို ကူညီဖို့နဲ့ လိုအပ်တာတွေ လုပ်ပေးနိုင်ဖို့ ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ အကူအညီပေးအဖွဲ့တွေကို သွားခွင့်ပြုရမယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ခိုင်မာမှုမရှိသလို အကြိမ်ကြိမ်ချိုးဖောက်ထားတဲ့ အပစ်အခတ်ရပ်စဲရေး ကာလမှာပဲ ဒီတိုက်ပွဲတွေ ဖြစ်နေတဲ့အကြောင်း၊ မြန်မာ စစ်တပ်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ တဘက်သပ် အပစ်ရပ်စဲမှု သက်တမ်း ထပ်တိုးတာကို ကြိုဆိုတာနဲ့အတူ ဒီအခြေ အနေကနေ တိုက်ပွဲအားလုံး ရပ်သွားတဲ့အထိ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂအနေနဲ့ မျှော်လင့်တဲ့အကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက် ဖြစ်ထွန်းရေး ကြိုးပမ်းချက်တွေအားလုံးကို နှစ်ဆတိုးလုပ်ဆောင်ကြဖို့ သက်ဆိုင်သူအားလုံးကို ကုလသမဂ္ဂ က တိုက်တွန်းပြီး ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းရေးမှာ ကုလသမဂ္ဂက အပြည့်အဝ ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG