သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ကျေးရွာအချို့ လက်နက်ကြီးများကျရောက်


၂၀၁၆နိုဝင်ဘာ ၂၀ ရက်နေတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်ပွားစဉ် (Myanmar President Office)
၂၀၁၆နိုဝင်ဘာ ၂၀ ရက်နေတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်ပွားစဉ် (Myanmar President Office)

၂၀၁၇ နှစ်သစ်ကူးအခါသာမယကို တပြည်လုံးကပျော်ရွှင်စွာ ကြိုဆိုခဲ့ပေမဲ့ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ဘက်မှာတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်တပ်ဖွဲ့တွေနဲ့ဖြစ်ပွါးနေဆဲ တိုက်ပွဲကြောင့် လက်နက်ကြီးတွေနဲ့ကြိုဆိုခံနေ ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့သလို ကျေးရွာပြောင်းရွှေ့ခံ ရမှုတွေလည်း ရှိနေပါတယ်။ အခုလိုအရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့လုပ်ရပ်အပေါ် ရှုံ့ချသလို လက်ရှိ မြန်မာအစိုးရကနေဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာ ယုံကြည်မှုအားနည်းလာတယ်လို့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်စွာဖြစ်ပွါးနေဆဲဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ နှစ်သစ်ကူးရက်မှာ လက်နက်ကြီးကျရောက်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ ပန်ကူးဒေသခံတဦးက ပြောပါတယ်။

“သူများတွေက နှစ်သစ်ကူးမှာ ပျော်ပွဲတွေစားတယ်။ ကျမတို့က နှစ်သစ်ကူးတဲ့ရက်မှာပဲ လက်နက်ကြီးတွေနဲ့ ကြိုဆိုနေရပါတယ်။ ပြည်သူတွေလည်း အရမ်းခံစားမှုဖြစ်ပြီးမှ တချို့တွေလည်း အသည်းအသန်ဖျားတဲ့လူတွေလည်းရှိတယ်။နောက်ပြီးလက်နက်ကြီးတွေလည်း အိမ်ထဲကျတဲ့လူတွေရှိတယ်။ ပန်ဆေးရွာဆိုရင် အိမ်ထဲကျသွားတယ် ၁ လုံး။ နောက်ပြီး ဒီမိုင်မောင်ရွာမှာလည်း အိမ်ခြံထဲမှာ ၂ လုံးကျတယ်။ လူတွေတော့ဘာမှမဖြစ်ဘူးတိမ်းရှောင်နေလို့ သူတို့ စစ်ရှောင်စခန်းနားလေးမှာလည်း ၄-၅ လုံးလောက်ကျတယ် ပတ်ပတ်လည်မှာပဲကျတယ်၊ စခန်းမှာတော့ မကျဘူး။ ပန်ဆေးရွာဆိုရင် အိမ်ထဲမှာ ၁ လုံး ကျသွားတယ် အိမ်ရှင်တွေတော့ ဘာမှမဖြစ်ဘူးပေါ့နော်။ ပစ္စည်းတွေပျက်စီးသွားတယ် အဲဒါ နှစ်သစ်ကူး ၁ ရက်နေ့မှာပဲ ဖြစ်တာရှင့်။”

ဒီဇင်ဘာ(၃၁)ရက်နေ့ညနေပိုင်းမှာ ကွတ်ခိုင်မြို့နယ်ပန်ဆေးကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်း ပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း အဆိုပါအနီးကျင်ဒေသကျေးရွာတွေအပေါ် လက်နက်ကြီး ကျည်တွေကျရောက်ခဲ့တာဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲ TNLAတပ်ဖွဲ့တွေလှုပ်ရှားသွားလာနေတဲ့ ပန်ကူးကျေးရွာကို ပြောင်းရွှေ့ဖို့တပ်မတော်ဖက်က ညွှန် ကြားလာလို့အခုဆို ရွာဟောင်းကနေပန်ကူးရွာသစ်ကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံမိုင်အောင်မင်းကကပြော ပါတယ်။

“ပန်ကူးကတော့ အားလုံးပြောင်းရွှေ့လာတယ်။ ၅၆၇ တပ်ဖွဲ့ကနေပြီးတာ့ ကျနော်တို့အားလုံးကို ပြောင်းရွေ့ခိုင်းတယ်ပေါ့နော်။ ကျနော်တို့ကလည်း ကလေးမကျန် ရွာမှာ ဘယ်သူမှ မကျန်ခဲ့ရဘူးဆိုပြီးတော့ ပြောင်းရွေ့ခိုင်းလို့ ကျနော်တို့ ပြောင်းရွေ့ခဲ့တယ်။ လူဦးရေကတော့ ၁၀၅၊ ၂၀၆ လောက်ရှိတယ် အားလုံးကိုပြောင်းရွေ့ခိုင်းတယ်။ ဒီအပေါ်ရွာကိုတောင်မှ အိမ် ၃ အိမ် မီးရှို့ခိုင်းပြီးတော့ ကျနော်တို့ကို ပြောင်းရွေ့ခိုင်းလိုက်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ကွတ်ခိုင် မန်တုန် ကျောက်မဲ သီပေါ နမ့်ဆမ် နမ္မတူ သီပေါ စတဲ့မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တွေနဲ့ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွါးနေသလို ဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာလဲ အရပ်သားတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေဖြစ်ပွါးနေတာပါ။

ဒီဇင်ဘာ(၂၇)ရက်နေ့က မြန်မာ့ တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAတို့ အကြား ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က လေကြောင်း ပစ်ခတ်မှုအတွင်း ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာဒေသခံ (၃)ဦး သေဆုံးသွား သလို (၆)ဦးထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စိုင်းထွန်းဉာဏ်က အတည်ပြုပြောဆိုပါတယ်။

အခုလိုအရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ်ရှုံ့ချတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က တာဝန်ရှိသူ တဦးဖြစ်သူဒေါ်ခွန်ဂျာကပြောပါတယ်။

“အထူးသဖြင့် လက်နက်မရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတာက တော်တော်လေးကို ရှုံ့ချပါတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့အရာဖြစ်တယ်။”

မနေ့ကနှစ်ဆန်း(၁)ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လူငယ် ၁၈ ဦးနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တက်ရောက်ဆွေးနွေးတဲ့အထဲက ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြုလူငယ်တစ်ဦးက စစ်ပွဲတွေ မရပ်ပဲနဲ့ ငြိမ်းချမ်းရေးဆိုတာ ရလာမှာမဟုတ်ကြောင်း ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကနေ စစ်ပွဲတွေရပ်ပေးဖို့အတွက် များများပြောပေးကြဖို့ လိုအပ်ကြောင်းနဲ့ တချို့က နားလေးတဲ့အတွက် များများပြောပေးမှ ကြားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်နိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းကူညီကြဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လက်ရှိမှာ မြန်မာအစိုးရကနေဖေါ်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်မှုအားနည်းလာတဲ့ အခြေအနေ မှာရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က တာဝန်ရှိသူတဦးဖြစ်သူဒေါ်ခွန်ဂျာကအခုလိုသုံးသပ်ထားပါတယ်။

“ငြိမ်းချမ်းရေးလို့ ပြောရင် အသစ်ကနေ တခေါက်ပြန်ပြီးစရဖို့တောင်တော်တော်ခတ်ခဲနေပြီဆိုတာ ကျမတို့ပြောလို့ရတယ်။ ကျမတောင်မှ လုပ်ငန်းစဉ်တခုလုံးမှာ ပါဝင်တဲ့ လူ၁ ယောက်အနေနဲ့တောင်မှ ဒီ Peace Process တခုလုံးကို ကျမအနေနဲ့ ယုံကြည်မှုမရှိတဲ့အခါမှာ ဒီနေရာမှာ လိုက်ပါဖို့ဆိုတာ မလွယ်ကူတော့ဘူးရှင့်။ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ဒီမိုကရေစီအစိုးရလို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ NLD အစိုးရကာလမှာ ဆိုရင် ဒါမျိုးမဖြစ်သင့်တော့ဘူးလို့ယူဆတယ်ရှင့်။ ဒါတွေ ဖြစ်နေတာဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ရှက်ဖွယ်လည်းဖြစ်ပါတယ်ရှင့်။”

လက်ရှိမြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLDအစိုးရတက်လာရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတွေ ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လာနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ KIA TNLA MNDAA AAစတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေအရင်ကထက်ပြင်းထန်စွာဖြစ်ပွါးနေတဲ့ အခြေ အနေမှာရှိနေသလို အစိုးရအနေနဲ့ တပ်မတော်အပေါ်သြဇာသက်ရောက်မှုမရှိတဲ့အခင်းအကျင်းတွေကြောင့် တပြည်လုံး အတိုင်းတာဆောင်တဲ့ငြိမ်းချမ်းရေးဖြစ်မြောက်ဖို့ ခက်ခဲနေဦးမယ်လို့လဲ ငြိမ်းချမ်းရေးဖြစ်စဉ်လေ့လာအကဲခတ်သူတွေ ကသုံးသပ်မှုတွေလဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG