သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ကဖမ်းဆီးထားတဲ့ရှမ်းအမျိုးသမီး ပြန်လည်လွတ်မြောက်လာ


TNLA တအာင်းပလောင်လက်နက်ကိုင်အဖွဲ့
TNLA တအာင်းပလောင်လက်နက်ကိုင်အဖွဲ့

TNLA တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ ကဖမ်းဆီးထားတဲ့ ရှမ်းအမျိုးသမီး နန်းမို ဟွမ်ကို ဒီကနေ့မှာပြန်လည်လွှတ်ပေးခဲ့ပြီးလို့TNLAဘက်ကပြောပါတယ်။ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကနေ ကြားဝင်ညှိနှိုင်းပေးချက်အရ အခုလို လွှတ်ပေး လိုက်တာပါ။ လွတ်မြောက်လာတဲ့ နန်းမိုဟွမ်ကို မိသားစုဝင်တွေကနေ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP /SSA ဝမ်းဟိုင်းဌာနချုပ်မှာ သွားရောက်ကြိုဆို နေတယ်လို့ နမ့်ခမ်းမြို့လူငယ်ကွန်ရက်အဖွဲ့ဝင်တွေက ပြောပါတယ်။ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ TNLAက ဖမ်းဆီးထားတဲ့ ရှမ်းအမျိုးသမီးနန်းမိုဟွမ်ကို ဒီကနေ့ မနက် မှာပြန်လည်လွှတ်ပေးခဲ့ပြီးလို့TNLA ပြန်ကြားရေးအရာရှိဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

"ဒီမနက်လွှတ်တာဖြစ်တယ်။ မနေ့ကသူတို့ဆွေမျိုးကျွန်တော်တို့ဆီမှာ ရောက်လာတယ်။ ဒီမနက်ဘဲ ကျွန်တော် တို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့သူ့ဆွေမျိုး မိသားစုဆွေမျိုးထံ ပြန်လွှတ်လိုက်ပြီး။"

နမ့်ခမ်းမြို့က ဖမ်းဆီးခေါ်သွားတာခံခဲ့ရတဲ့ နန်းမိုဟွမ်ကို TNLA အဖွဲ့ရဲ့စည်းမျဉ်းတွေအရ ဒီလဆန်းက ပဲ ထောင်ဒဏ် ၃ နှစ် စီရင်ချက်ချမှတ်ခဲ့ပါတယ်။ အခု ပြန်လွှတ်ပေးလိုက်တာနဲ့ပတ်သက်လို့ TNLA ပြန်ကြားရေး အရာရှိ ဗိုလ်မှူး တာအိုက်ကျော်က အခုလိုဆက်ပြောပါတယ်။

"FPNCC ကနေကြားနေပြီးတော့ ညှိနှိုင်းပေးလို့ပါတာပေါ့နော်။ ဒီSSPPနဲ့ကျွန်တော်တို့မဟာမိတ်ကြားမှာ ချစ်ကြည်ရေးကိစ္စတွေပါတယ်။ တအာင်းလူမျိုးနဲ့ရှမ်းလူမျိုးကြားမှာ ရေရှည်ကျွန်တော်တို့က ချစ်ကြည်ရေး အတွက်ရှေးရှုပြီးမှ ကျွန်တော်တို့ပြန်လွှတ်ပေးခြင်းဖြစ်ပါတယ်။"

UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ကြားဝင်ညှိ့ နိုင်းပေးခဲ့တာပါ။ ပြန်လည်လွတ်မြောက်လာတဲ့ နန်းမိုဟွမ်ကို မိသားစုဝင်တွေကနေ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSAဝမ်းဟိုင်းဌာနချုပ်မှာသွားရောက်ကြိုဆိုနေတယ်လို့ နမ့်ခမ်းမြို့လူငယ်ကွန်ရက်အဖွဲ့ ဝင် စိုင်းသိန်းရွှေ ကပြောပါတယ်။

"သူတို့မိသားစုဝင်တွေကို ဒီနေ့သွားကြိုတယ်။ ဒီနေ့ဝမ်ဟိုင်းကိုအရောက်သွားမယ်လို့တော့ ကြား တယ်။ ဝမ်ဟိုင်း ကနေတဆင့် မိဘပြည်သူတွေကို သူတို့ဆွေမျိုးသားချင်းတွေကိုအပ်ပေးမယ်ပေါ့နော်။ မနက်ဖန်ကျရင်လဲ သူတို့အခန်းအနားလေးနဲ့ ဒီနန့်မိုဟွမ်ကိုကူညီလာတဲ့ ရှင်းလင်းပွဲလေးလုပ်မယ်လို့ တော့ကြားတယ်။"

နန်းမိုဟွမ်ကို TNLAအဖွဲ့က သြဂုတ်လ ၁၇ရက်နေ့က နမ့်ခမ်းမြို့ပေါ်ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး TNLA အဖွဲ့ အကောက်ခွန်ဝန်ထမ်းတချို့ ထိခိုက်သေဆုံးခဲ့ရတဲ့ကိစ္စမှာ မြန်မာစစ်တပ်ကို သတင်းပေးခဲ့သူလို့ သံသယ နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့အတွက် နန့်ခမ်းမြို့ ဒေသခံတွေ ထောင်နဲ့ချီ တောင်းဆို ဆန္ဒပြခဲ့ကြသလို အမျိုး သား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP နဲ့ ရှမ်းနိုင်ငံရေးပါတီ စတဲ့ အဖွဲ့အစည်းတွေကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆို တာတွေ ရှိခဲ့ပါတယ်။

နန်းမိုဟွမ်ဖမ်းဆီးခံရတာဟာ ရှမ်းပြည်နယ်အတွင်း ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေအတွက် ဘဝလုံခြုံမှု အားနည်းနေတာကို သက်သေပြနေတယ်လို့ ရှမ်းပြည်နယ် တိုင်းရင်းသူအမျိုးသမီးများ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့ပြောရေးဆိုခွင့်ရှိသူ နန်းဟိန်းက ပြောပါတယ်။

"ကျွန်မတို့မြန်မာနိုင်ငံထဲမှာ အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုပေါ့နော်။ အဲတာကိုကျွန်မတို့တအားစိုးရိမ်ရပါတယ်။ ဒါကခေါ်သွားချင်တိုင်းခေါ်သွားလို့ရတယ်။ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ဟာတွေရှိနေတော့ တရားဥပ ဒေစိုးမိုးမှုအပေါ်မှာလဲမူတည်တယ်ပေါ့နော်။ ဒီပြည်တွင်းစစ်ကပြည်သူတွေအတွက် များသောအားဖြင့် အမျိုး သမီးနဲ့ကလေးတွေပိုပြီးတော့မှ ထိခိုက်နစ်နာတာတွေ့ရတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ တအာင်းပလောင် တပ်ဖွဲ့တို့ နှစ်ဖက် စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်ပြီး တဖက်နဲ့တဖက် ရှမ်း ပလောင်ကျေးရွာသားတွေကို အပြန်အလှန်ဖမ်းဆီးမှုတွေရှိနေသလို အပြန်အလှန်စွပ်စွဲချက်တွေလည်း မကြာခဏဆိုသလို သတင်းထုတ် ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG