သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

TNLA ဖမ်းထားတဲ့ အရပ်သူပြန်လွှတ်ဖို့ ထောင်နဲ့ချီ ဆန္ဒပြ


TNLA ဖမ်းထားတဲ့ အရပ်သူပြန်လွှတ်ဖို့ ထောင်နဲ့ချီ ဆန္ဒပြ (ဓါတ်ပုံခရက်ဒစ်-Sai Tom’s Facebook)

ရှမ်းအမျိုးသမီးတယောက်ဖြစ်တဲ့ နန်းမိုဟွမ်ကို တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ TNLA က ဖမ်းဆီးသွားတာ တစ်လ ပြည့်မြောက်တဲ့နေ့မှာ သူ့ကို ပြန်လွှတ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီကနေ့ လူ ထောင် နဲ့ ချီပြီး ဆန္ဒြုပခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ နန်းမိုဟွမ်ကို ပြန်လွှတ်ရေး အဓိက တောင်းဆိုပြီး မြို့မိမြို့ဖတွေ ကတော့ ရှမ်းနဲ့ ပလောင်အကြား လူမျိုးရေးပဋိပက္ခမဖြစ်စေရေးကို ဦးတည်ဆောင်ရွက်သလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းစေလိုကြောင်းလည်း စေ့စပ်ပြောဆိုကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

TNLAခေါ် တအာင်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့က ကုန်မာဆိုင်ဖွင့်ထားတဲ့ ရှမ်းအမျိုးသမီးတဦးဖြစ်သူ နန်းမိုဟွမ်ကို သြဂုတ်လ ၁၇ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ကနေ ဖမ်းဆီးခဲ့တာပါ။ နန်းမိုဟွမ်က သတင်းပေးတဲ့အတွက် အကောက်ခွန်ကောက် ၀န်ထမ်းတယောက် အသက်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ဖမ်းဆီးတာလို့လည်း TNLA တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို ဖမ်းဆီးခဲ့တဲ့ တစ်လပြည့်တဲ့နေ့ မနက် ၉နာရီလောက်မှာ နန်းမိုဟွမ် ပြန်လွှတ်ပေးရေး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း ပြည်သူ ၂သောင်းလောက်ပါဝင်ကြောင်း နမ့်ခမ်းမြို့က မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

“ စပြီးတော့ ထွက်ခဲ့တာ စုရပ်က ဆေးရုံကုန်းတောင်ခြေကနေပြီးတော့ ဘုရားကျောင်း ဘန်ဘွယ်ကွင်းအထိ တော့ ကြွေးကြော်သံနဲ့ ချီတက်ခဲ့ကြတာပေါ့။ TNLA တပ်ဖွဲ့က ဖမ်းသွားတဲ့ နန်းမိုဟွမ်ကို ပြန်ပြီး ချက်ချင်းလွှတ်ပေးဖို့ အဲဒီဟာ အော်တယ်။ လက်နက်ကိုင်အဖွဲ့တွေက ဆက်ကြေးတောင်းတာတွေ လုံးဝ ရပ်တန့်ဖို့၊ မြို့ထဲဝင်ပြီးတော့ ပြန်ပေးဆွဲတဲ့ ပုံစံမျိုးနဲ့ နောက်ထပ်မဖြစ်ရအောင် စာတမ်းတွေ ပြေးကပ်ပြီးတော့ လှည့်တာပေါ့ဗျ။ စာတင်ထားတာတော့ ၃ထောင် ပုံတွေဘာတွေ ရော၊ Drone ရိုက်ထားတဲ့ပုံတွေအရရော ၂သောင်းလောက်တော့ ရှိမယ်ထင်တယ်ဗျ။ ”

ဖမ်းဆီးခံရသူ အမျိုးသမီးဟာ ရှမ်းလူမျိုးဖြစ်တာကြောင့် ရှမ်းနဲ့ ပလောင်အကြား လူမျိုးရေးပဋိပက္ခမဖြစ်စေရေးကို အလေးထား ဆောင်ရွက်ခဲ့ကြောင်းလည်း ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

“ ကျနော်တို့ကလည်း ပြောထားပါတယ်။ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ပဋိပက္ခမဖြစ်ဖို့က ဦးတည်ရမယ်။ အခုက လူမျိုးရေးပြဿနာဖြစ်ဖို့က ကျနော်တို့က မလိုလားဘူးဗျ။ တတ်နိုင်သလောက်တော့ ထိန်းနေတာပဲ။ ဒါပေမဲ့ ပြည်သူဆိုတာ သည်းခံလို့ မရတဲ့အဆုံးကတော့ ပေါက်ကွဲသွားမှာပဲ ကျနော်တို့က စိုးရိမ်တယ်။ ပဋိပက္ခအနေနဲ့ မဖြစ်စေချင်ဘူး။ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ ပြီးသွားစေချင်တယ်။”

ဆန္ဒသူတွေ မြို့အတွင်း လှည့်လည်နေချိန်မှာ တပ်မတော်၊ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မြို့တွင်း၊ မြို့ပြင်မှာ လုံခြုံရေးတာဝန်ယူခဲ့ပြီး ဆန္ဒပြပွဲဟာအေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ကြောင်း ပြောပါတယ်။

နမ့်ခမ်းမြို့က ပလောင်လူမှုခေါင်းဆောင်တစ်ဦးကလည်း လူမျိုးရေး ပြဿနာ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း အခုလို ပြောပါတယ်။

“ ကျနော်တို့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်မှာပါ။ ဒီနမ့်ခမ်းမြို့နယ်မှာလည်း ကျနော်တို့ ဒီ မြို့မိမြို့ဖတွေပေါ့နော်။ မြို့မိမြို့ဖတွေလည်း တော်တော်များများတော့ ရှမ်းတွေပဲ။ ပြီးတော့ ကျနော်တို့ ဒီ ရှမ်းစာပေယဉ်ကျေးမှုက ကော်မတီတွေ ရှိတယ်။ နိုင်ငံရေး ပါတီအဖွဲ့အစည်းက ကျနော်တို့ ကျားခေါင်းပါတီရယ်၊ ကျားဖြူပါတီရယ် ရှိတယ်။ အဲဒီထဲက လူကြီးတွေလည်း သမာသမတ်ရှိတဲ့ လူကြီးတွေပါ။ အဲဒီလူကြီးတွေ ထိန်းထိန်းသိမ်းသိမ်းလုပ်သွားမှာပါ။ ”

နမ်မိုဟွမ်ပြန်လည်လွတ်မြောက်ရေးအတွက် စက်တင်ဘာလ ၇ရက်နေ့ကလည်း နမ့်ခမ်းမြို့မှာ ရှမ်းတိုင်းရင်းသားတွေ ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကလည်း နန်းမိုဟွမ်ကို အမြန်လွှတ်ပေးဖို့ တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ကို တောင်းဆိုထားသလို ဒီလို ဖမ်းဆီးတာဟာ တရား ဥပဒေစိုးမိုးရေးကို ထိခိုက်တဲ့ လုပ်ရပ်အဖြစ်လည်း ရှုတ်ချ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG