ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ မြဝတီခရိုင်ထဲက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထံ ရောင်းစားခံရသူတွေ ပြန်လည်လွတ်မြောက်ရေး သက်ဆိုင်ရာသံရုံးတွေကကူညီကြဖို့ မိသားစုဝင်တွေ အကူညီတောင်းခံနေကြပါတယ်။ မကြာသေးခင်ကလည်း ငွေလိမ်ဂိုဏ်းတွေလက်က ပြန်လွတ် လာသူတွေရှိပေမဲ့ အများအပြား ကျန်နေသေးတယ်လို့လည်း ပရဟိတဝန်ထမ်းတွေက ပြောပါတယ်။
ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေ လွတ်မြောက်ရေး ကြိုးပမ်းနေတဲ့အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြ၀တီခရိုင်ထဲက လိမ်လည်ဂိုဏ်းတွေကနေ ထွက်ပြေးလာသူတွေရှိသလို ဒီရက်ပိုင်းမှာပဲကူညီကယ်ဆယ်ဖို့ သတင်းအချက်အလက်ပေးလာသူတွေရှိကြောင်း ယူဂန်ဒါ အပါအဝင် နိုင်ငံခြားသားအတော်များများကို ကယ်ဆယ်ရာမှာပါဝင်ခဲ့တဲ့ ပရဟိတသမားကိုမောင်ထွန်းက VOA ကို အခုလိုပြောပြပါတယ်။
“ကျနော့်ဆီမှာ အချက်အလက်ရှိတဲ့သူတွေကတော့ ဖလူးတို့၊ အင်ကြင်းမြိုင်တို့၊ KK Park 1. 2.3၊ ဝင်ညာ ဒီကုမ္ပဏီတွေအကုန်လုံးမှာက ဖိလစ်ပိုင်ရှိတယ်။ အင်ဒိုနီးရှား၊ မလေးရှားရှိတယ်။ ဗီယက်နမ် စသဖြင့် နိုင်ငံအများကြီးပဲ။ ကင်ညာ၊ အီသီယိုးပီးယားတွေလည်း အများကြီးရှိတယ်။ အီသီယိုးပီးယား ကတော့ ထိုင်းမှာလည်း သူတို့သံရုံးမရှိဘူး၊ သူတို့ကို ကယ်ဆယ်ပေးမယ့်သူမရှိဘူး။ သူတို့တွေကို တရုတ်တွေက ညှဥ်းပန်းနှိပ်စက်မှုတွေအများဆုံးခံရသူတွေဖြစ်တယ်။ အဲဒီမှာ အားလုံးကတော့ နှိပ်စက်ခံရတာပါပဲ။ ဖလူးတို့ အဲဒီတလျှောက်မှာ KK Park မှာဆို ညှဥ်းပန်းနှိပ်စက်တာကတော့ တချို့တွေဆို အရိုးတွေ၊ နံရိုးတွေကျိုးသွားတဲ့အထိဖြစ်ကြတယ်။ အဲဒီလို အပြစ်ပေးတာတွေ၊ ညှဥ်းပန်းတာတွေလုပ်လေ့ရှိတယ်။”
လိမ်လည်ဂိုဏ်းကနေ ပြန်လွတ်မြောက်လာသူတဦးပြောပြချက်အရ တရုတ်နိုင်ငံသားတွေဆိုရင်တော့ ကတုံး,တုံးတာ၊ လက်ချောင်းထိပ်လေးတွေကို လှီးဖြတ်တာတွေလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
လိမ်လည်ဂိုဏ်းတွေဆီ ရောက်သွားသူတွေဟာ တခြားသူတွေကိုလိမ်လည်ဖို့အတွက် လေ့ကျင့် သင်ကြားပေးခံရသလို သတ်မှတ်ထားတဲ့ငွေကို လိမ်လည်မရှာဖွေနိုင်ဘူးဆိုရင် အပြစ်ပေးတာတွေ နှိပ်စက်ညှဥ်းပန်းတာတွေခံရတယ်လို့လည်း သူကဆက်ပြောပြပါတယ်။
“သူတို့က Target ရှိတယ်။ ဥပမာ တလကို ဒေါ်လာ ငါးသောင်းရှာရမယ်ဆိုပါတော့၊ အဲဒီမှာနေခဲ့ရတဲ့ သားကောင်တွေပြောပြတာပါ။ သူတို့ပြောတာကတော့ အဲဒီ Target ကိုမပြည့်ဘူးဆိုရင် သူတို့ အနေနဲ့ ညှဥ်းပန်းနှိပ်စက်ခံရတယ်။ ပေးမအိပ်ဘူး၊ သူတို့ တနေ့ကို နှစ်နာရီ သုံးနာရီလောက်ပဲ ပေးအိပ် တယ်။ အဲဒါထက်ဆိုးတာက သုံးလလောက်ဆို သူတို့ကို အမှောင်ခန်းထဲမှာ ထားပြီး နှိပ်စက်ညှင်းပမ်းတာတွေရှိတယ်လို့ ပြောပြကြပါတယ်။”
အခုလိုကူညီကယ်ဆယ်ရေးလုပ်တဲ့အခါမှာ လိမ်လည်ဂိုဏ်းတွေကလွတ်မြောက်အောင် လူတွေကို ကယ်ဆယ်ရတာမလွယ်ကူဘူးလို့လည်း ဆိုပါတယ်။
ထိုင်းဘက်ကသက်ဆိုင်ရာစစ်တပ် လ၀က အထူးစုံစမ်းရေးအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်ရကြောင်းကိုလည်းပြောပြပါတယ်။
“နိုင်ငံခြားသားဖြစ်တဲ့အခါမှာ ကျနော်တို့ကယ်ဆယ်တဲ့အခါမှာ ထိလွယ်ရှလွယ်ဖြစ်တာတွေရှိတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း ကယ်ဆယ်ရေးလုပ်ရာကနေ လူကုန်ကူးဖြစ်သွားမှာကိုစိုးရိမ်တယ်။ ဒီအတွက် ထိုင်းဘက်က လူကြီးတွေကိုညှိနှိုင်းဆွေးနွေးပြီး ကယ်ဆယ်ခဲ့တဲ့လူတွေ ရောက်လာပြီ ဆိုရင်လည်း ကျနော်တို့က ထိုင်းစစ်တပ်တို့၊ လ၀ကတွေ၊ DSI တို့၊ မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးတို့ကို စာတင်ပြီး ကျနော်တို့က ကူညီကယ်ဆယ်ရတယ်။ လူဦးရေများရင်များသလို လုပ်ရတာဖြစ်ပါတယ်။”
ဒီရက်ပိုင်းမှာပဲ ကင်ညာနိုင်ငံသားတဦးဟာ မဲဆောက်ဘက်ကို ထွက်ပြေးလာခဲ့ပြီး ညှဥ်းပန်းနှိပ်စက် ခံရတဲ့ အကြာင်းတွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အလားတူ ပါကစ္စတန်နိုင်ငံသား ငါးဦးကလည်း သူတို့ကို ကယ်ဆယ်ဖို့အကူညီတောင်းခံတာတွေလည်း ရှိခဲ့ပါတယ်။ နယ်ခြားစောင့်တပ်နဲ့ DKBA (ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်) ထိန်းချုပ်ရာနယ်မြေတွေမှာ ရှိနေတဲ့ လိမ်လည်ဂိုဏ်းတွေရဲ့ သားကောင်တွေကို တလကို လူ (၁,၀၀၀) နှုံးနဲ့ပြန်လွှတ်ပေးဖို့ရှိတယ်လို့လည်း နယ်ခြားစောင့်တပ်က ပြောဆိုထားပြီး ဒီရက်ပိုင်းမှာပဲနောက်ထပ် လူ ၆၀ လောက် ထပ်ပြီးလွှတ်ပေးမယ်လို့ဆိုပါတယ်။ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကတော့ တရုတ်နိုင်ငံသား ၃၉ ဦးအပါအဝင် လူ ၆၁ဦးကို နယ်ခြားစောင့်တပ်က ထိုင်းစစ်တပ်ကိုပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
Forum