သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာသက်ရောက်မှုရှိမယ့် ဆော်လမွန်ကျွန်းရွေးကောက်ပွဲ


ဆော်လမွန်ကျွန်းနိုင်ငံ မြို့တော် Honiara မှာ ရွေးကောက်ပွဲမဲရုံတာဝန်ကျအရာရှိတဦးက ဆန္ဒမဲပုံးတွေကို ရေတွက်ဖို့ပြင်ဆင်နေစဥ်။ (ဧပြီ ၂၈၊ ၂၀၂၄/AFP)
ဆော်လမွန်ကျွန်းနိုင်ငံ မြို့တော် Honiara မှာ ရွေးကောက်ပွဲမဲရုံတာဝန်ကျအရာရှိတဦးက ဆန္ဒမဲပုံးတွေကို ရေတွက်ဖို့ပြင်ဆင်နေစဥ်။ (ဧပြီ ၂၈၊ ၂၀၂၄/AFP)

Solomon Islands ဆော်လမွန်ကျွန်းစုနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် တာဝန်ရှိသူတွေ မဲတွေကို ဆက်လက် ရေတွက်နေပါတယ်။ မဟာဗျူဟာကျ ပစိဖိတ်ကျွန်းနိုင်ငံအနေနဲ့ တရုတ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ Salmons နိုင်ငံအနေနဲ့ တရုတ်နဲ့ အမေရိကန် ဘယ်နိုင်ငံနဲ့ပိုပြီး နီးနီးကပ်ကပ် ဆက်လက်ဆောင်ရွက်မလဲဆိုတာကို အခု ရွေးကောက်ပွဲအနိုင်ရသူက ပြဌာန်းလာနိုင်ပါတယ်။ ဗွီအိုအေ သတင်းထောက် Jessica Stone ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

Solomon Islands နိုင်ငံရဲ့ Guadalcanal ကျွန်းဟာဆိုရင် ဒုတိယ ကမ္ဘာစစ် အတွင်း မဟာမိတ်တပ်ဖွဲ့တွေက ဂျပန်ထံကသိမ်းယူလိုက်တဲ့ ပစိဖိတ်ကျွန်းဖြစ်ပါတယ်။ အခုအခါမှာလည်း တောင်ပစိဖိတ်ဒေသတွင်းက သြဇာလွှမ်းမိုးနိုင်ရေး ယှဉ်ပြိုင်ရာ အချက်အခြာဖြစ်နေပြီး ဒီတကြိမ်ကတော့ တရုတ်နဲ့ ပိုပြီးပူးပေါင်းလိုတဲ့ နိုင်ငံရေးပါတီတွေနဲ့ အနောက်ဒီမိုကရေစီ နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံလိုတဲ့ နိုင်ငံရေးပါတီတွေကြား ယှဉ်ပြိုင်မှုဖြစ်ပါတယ်။ တတိယမြောက် လူဦးရေ အထူထပ်ဆုံး Makira ခရိုင်မှာတော့ မဲထွက်ပေးတဲ့ လူတန်းရှည်ကြီးကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ တွေ့ခဲ့ပါတယ်။ Gilbert Tabihau က ခရိုင် ရွေးကောက်ပွဲ မန်နေဂျာ ဖြစ်ပါတယ်။

"အရင် ရွေးကောက်ပွဲတွေနဲ့ ယှဉ်ရင် မဲထွက်ပေးသူက အရင် ရွေးကောက်ပွဲတွေထက် များပါတယ်။"

ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အမျိုးသမီးကျန်းမားရေးတို့မှာ ပိုပြီး တိုးတက်ကောင်းမွန်ရေးကို မျှော်မှန်းကြောင်း မဲဆန္ဒရှင်တွေက ပြောကြပေမဲ့ ဒေသအတွက် ပထဝီနိုင်ငံရေး ဂယက်တွေလည်း ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြပါတယ်။

"တရုတ်နဲ့ဆက်ဆံပြီးနောက်ပိုင်းမှာ သူတို့က ဖွံ့ဖြိုးရေးအတွက် အများကြီးကူညီခဲ့ပါတယ်။"

"တရုတ်က ထောက်ပံ့ပေးတယ်ဆိုပေမဲ့ သူတို့ စီမံကိန်းတွေမှာ နှောင်ကြိုးတွေ ပါပါတယ်။"

လက်ရှိရေတွက် ပြီးစီးတဲ့ မဲရလဒ်တွေအရတော့ တရုတ်လိုလားတဲ့ ဝန်ကြီးချုပ် Manasseh Sogavare က သူ့ရဲ့ လွှတ်တော်အမတ်နေရာကို ပြန်ပြီး အနိုင်ရပေမဲ့ သူ့ရဲ့ Our ပါတီ- ကျွန်ုပ်တို့ပါတီကတော့ ပြတ်ပြတ်သားသား အများစု အနိုင်မရတာကြောင့် ညွန့်ပေါင်း အစိုးရဖွဲ့ရဖို့ ဖြစ်နေပါတယ်။ Kathryn Paik ကတော့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက ဖြစ်ပါတယ်။

"Sogavare အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မသေချာတာကြောင့်တော့ ယန္တရားကြီး တခုလုံးက တရုတ် နဲ့ ဆက်ဆံမှုကနေ ရှောင်ခွာသွားမယ်ဆိုတဲ့ သဘော မသက်ရောက်ပါဘူး။ ဒီ ယန္တရားကြီးထဲက ဘယ်သူတွေကို တရုတ်က ပံ့ပိုး ထောက်ပံ့နေသလဲ ဆိုတာ ကျမတို့ မသိပါဘူး။"

"ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဒေသတွင်းကို သွားရောက်ခဲ့တဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကတော့ ပစိဖိတ် တောင်ပိုင်း ဟာ အမေရိကန် နဲ့ တရုတ်ကြား အဓိကယှဉ်ပြိုင်မှုဆိုတဲ့အချက်ကို ငြင်းပယ်ပြီး အခုလို ပြောခဲ့ပါတယ်။"

"ပစိဖိတ်ကျွန်းနိုင်ငံများဟာ ဒီဒေသက လူထုရဲ့အိမ်ဖြစ်ပါတယ်။ နိုင်ငံကြီးတခုခုရဲ့ နောက်ဖေး မြေကွက်မဟုတ်ပါဘူး။"

ဒါပေမဲ့ လက်ရှိဝန်ကြီးချုပ် Sogavare ရဲ့ တရုတ်လိုလားတဲ့ မူဝါဒဆက်ပြီး ရှင်သန် နေမယ်ဆိုရင်တော့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ကုန်သွယ်သင်္ဘောတွေ အနီးအနားက ခုတ်မောင်းသွားလာမှုကို အကန့်အသတ်ဖြစ်လာစေနိုင်တယ်လို့ အမေရိကန်နိုင်ငံရေး သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ သြစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျုက အကြီးတန်းသုံးသပ်သူ Greg Brown က အခုလို ပြောပါတယ်။

"Solomon Islands မှာ တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေ ရှိလာနိုင်တဲ့ အချက်ကြောင့် ဒီဒေသ တဝန်းမှာ အမေရိကန်နဲ့ သြစတေးလျတို့ကို အလွယ်တကူ ထောက်လှမ်းစောင့်ကြည့်သွားနိုင်ပါတယ်။"

မဲရလဒ်တွေ ဆက်လက်ရေတွက်နေဆဲဖြစ်တာနဲ့အတူ မဲဆန္ဒရှင်တချို့ကတော့ ပြည်ပနိုင်ငံတွေနဲ့ မဟာမိတ်ကိစ္စက အဓိကမဟုတ်ဘဲ ပြည်သူတွေ ပိုပြီး တိုးတက်လာဖို့က အဓိကဖြစ်တယ်လို့ ပြောကြပါတယ်။ မဲဆန္ဒရှင် Regina Lepin က အခုလို ပြောပါတယ်။

"တရုတ်နဲ့ အနောက် မဟာမိတ်တွေ က ကျမတို့အပေါ်မှာ ဘယ်လို သြဇာ သက်ရောက်လဲ ဆိုတာကိုဘဲ ပြောနေကြတာကိုတော့ ကျမ သဘောမကျပါဘူး။ ကျမတို့နဲ့သက်ဆိုတဲ့ကိစ္စပဲ ဖြစ်သင့်ပါတယ်။"

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG