(Zawgyi/Unicode)
အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ ကျွန်းတုတွေ နဲ့ စစ်စခန်းတွေ တည်ဆောက်တာ မှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုထားတဲ့ တရုတ်ကုမ္ပဏီ ၂၄ ခုနဲ့ လူပုဂ္ဂိုလ် အများအပြားကို အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
ဆောက်လုပ်ရေး စီမံကိန်းတွေကို တာဝန်ယူခဲ့တဲ့ ဒီ ကုမ္ပဏီတွေက တရုတ်စစ်တပ်ကို အားပေးကူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ တယ်လို့ အမေရိကန် စီးပွါးကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီစီမံကိန်းတွေမှာ ပူးပေါင်း ပါဝင် ကူညီခဲ့တဲ့ တာဝန်ရှိသူ လူပုဂ္ဂိုလ် တဦးချင်းစီကိုလည်း အမေရိကန် နိုင်ငံတွင်း ဝင်ရောက်ခွင့် ဗီဇာ ပိတ်ပင်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ရဲ့ သီးခြားထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
၂၀၁၃ ခုနှစ်ကစပြီး တရုတ်နိုင်ငံဟာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို အသုံးပြုပြီး အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် ထဲက ဧက ၃၀၀၀ ကျော်တဲ့ နယ်မြေတွေကို သိမ်းယူခဲ့တာကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်သလို အိမ်နီးချင်း နိုင်ငံတွေ ရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီး သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ Pompeo က ပြောပါတယ်။
အခုလို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်လိုက်တဲ့ အပေါ် တရုတ်နိုင်ငံက တစုံတရာ မှတ်ချက်ပေးပြောကြားခြင်းမရှိပါဘူး။
ရေနံနဲ့ သဘာဝဓါတ်ငွေ့ အရင်းအမြစ်တွေအများအပြားရှိတဲ့ တောင်တရုတ်ပင်လယ် ၈၀% ကို တရုတ်တို့က ပိုင်ဆိုင်တယ်လို့ ကြေညာထားပါတယ်။ဒေသတွင်းတခြားနိုင်ငံတွေဖြစ်တဲ့ Brunei၊ Malaysia၊ Philippines၊Taiwan နဲ့ Vietnam နိုင်ငံတွေကလည်း တောင်တရုတ်ပင်လယ် တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်း ကြေညာထားပါတယ်။ တောင်တရုတ်ပင်လယ်က ရေလမ်းကြောင်းကို အသုံးပြုပြီး နှစ်စဉ် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၃ ထရီလီယံလောက်ရှိတဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်း သွားလာ နေတာ ဖြစ်ပါတယ်။
အမေရိကန်တို့အရေးယူတဲ့ကုမ္ပဏီတွေထဲ China Communication Construction ကုမ္ပဏီနဲ့ China Shipbuilding Group တို့ လည်း ပါဝင်ပါတယ်။
..............
(Unicode)