သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲအလားအလာနဲ့ တောင်ကိုရီးယားအနေအထား


တောင်ကိုရီးယားရဲ့သဘောတူညီချက်မပါဘဲ မြောက်ကိုရီးယားအပေါ် အမေရိကန်က တိုက်ခိုက်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတက အာမခံချက်ပေးထားကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae-in ကပြောကြားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလျော့ကျအောင် ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းနေတဲ့ တောင်ကိုရီးယားသမ္မတက အမေရိကန်နဲ့ သဘောမတူနိုင်တဲ့ကိစ္စမျိုးတွေကိုတော့ သမ္မတသက်တမ်းရက် ၁၀၀ ပြည့်သတင်းစာရှင်းပွဲမှာ သတိထားရှောင်ရှားဖြေသွားခဲ့ပါတယ်။ Nuclear အစီအစဉ်တွေနဲ့ပါတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘူးလို့ ပြောထားတဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေဖြစ်လာနိုင်မယ့် အလားအလာကောဘယ်လိုရှိပါသလဲ VOA သတင်းတွေကို စုစည်းပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တောင်ကိုရီးယားကို အသိမပေးဘဲ။ အပြည့်အဝ ဆွေးနွေးတိုင်ပင်မှုတွေမလုပ်ဘဲ။ မြောက်ကိုရီးယားအပေါ် အမေရိကန်က တိုက်ခိုက်မှာမဟုတ်ဘူးဆိုတဲ့ ကတိအာမခံချက်ရရှိထားတယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in ကပြောကြားခဲ့ပါတယ်။

"အမေရိကန်ဖက်က စစ်ရေးနည်းနဲ့ဆောင်ရွယ်တော့မယ်ဆိုရင် တောင်ကိုရီးယားရဲ့ ထောက်ခံမှုကို အရင်ယူမယ်လို့ ကတိပေးထားကြောင်း"

သူ့ရဲ့ သမ္မတသက်တမ်း ရက် ၁၀၀ ပြည့်သတင်းစာရှင်းပွဲမှာ သမ္မတ Moon ကပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားကြား အပြည့်အဝဆက်သွယ် ဆွေးနွေးမှုတွေရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ ပြေလျော့အောင် ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေလုပ်ဖို့ လိုတယ်လို့ တောင်ကိုရီးယားသမ္မတက အမြဲပြောနေတဲ့အပြင် မြောက်ကိုရီးယားကိုလည်း ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ အမေရိကန်သမ္မတကိုယ်တိုင်က အပြင်းထန်ဆုံးအသုံးအနှုန်းတွေနဲ့ မြောက်ကိုရီးယားကို ခြိမ်းခြောက်ခဲ့သလို။ ဘက်ပေါင်းစုံက ဖိအားပေးပြီး မြောက်ကိုရီးယားရဲ့ Missile ဒုံးနဲ့ Nuclear အစီအစဉ်တွေ စွန့်လွှတ်သွားအောင်လုပ်မယ်လို့ ပြောနေပါတယ်။ ခုလိုတောင်ကိုရီးယားနဲ့သူ့ရဲ့ အဓိက စစ်ရေးမဟာမိတ်တို့ကြား ကွဲပြားမှုတွေရှိပေမဲ့ သမ္မတ Moon Jae-in ကအဲဒီကွဲပြားမှုတွေကို သတိထားပြီးသတင်းစာရှင်းပွဲမှာ ရှောင်ရှား ဖြေကြားသွားပါတယ်။ မြောက်ကိုရီးယားနဲ့ကပ်နေတဲ့ တောင်ကိုရီးယားအနေနဲ့အခြေအနေကို ပိုပြီးသတိထားနေတယ်လို့ Seoul မြို့တော် Yonsei တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဆိုင်ရာပါမောက္ခ John Delury ကမြင်ပါတယ်။

" သမ္မတ Moon ရဲ့အနေအထားက သိပ်ကိုလိမ္မာပါးနပ်ဖို့လိုပါတယ်။ သူ့အနေနဲ့ မဟာမိတ်အမေရိကန်တို့နဲ့ သဘောထားကွဲမှုတွေရှိနေတယ်ဆိုတာကို မပြချင်ပါဘူး။ ပြဿနာဖြစ်နိုင်တဲ့ စကားမျိုးတွေ သမ္မတ Trump ဖက်ကပြောတယ်။ တောင်ကိုရီးယားပြည်သူအများစုရဲ့ အကျိုးစီးပွားနဲ့ဘယ်လိုမှ ယှဉ်လို့ မရတဲ့ စစ်ရေးနည်းလမ်းသုံးမယ်ဆိုတာမျိုးတွေ ပြောနေပေမဲ့လည်း အမေရိကန်နဲ့ တောင်ကိုရီးယားကြား သဘောထားအမြင်တွေကွဲနေပါတယ်လို့ မပြချင်ပါဘူး။"

Pacificသမုဒ္ဒရာထဲက အမေရိကန်ပိုင် Guam ကျွန်းနားကို ပဲ့ထိန်းတပ်ဒုံးပစ်လွှတ်မယ့်အစီအစဉ်ကို မြောက်ကိုရီးယားတို့ဖက်က နောက်ဆုတ်လိုက်လို့ ဒီသီတင်းပါတ်ထဲ ပဋိပက္ခတွေဖြစ်မယ့်အရေးက ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအပေါ် သံတမန်ရေး။ စီးပွားရေးဖိအားပေးနေတဲ့ တချိန်ထဲမှာ စစ်ရေးနည်းလမ်းကိုလည်း မစွှန့်လွှတ်သေးဘူးလို့ အမေရိကန်ဒုသမ္မတ Mike Pence ကဗုဒ္ဓဟူးနေ့ကပဲ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ Moon Jae-in ကလည်း ရန်ကာကွယ်ဖို့ ခိုင်မာတဲ့ စစ်အင်အားထားရှိရေးကို ထောက်ခံတယ်လို့ပြောထားပါတယ်။ ရှေ့သီတင်းပါတ်ကျရင် အမေရိကန်နဲ့ တောင်ကိုရီးယားကြား ပူးတွဲစစ်ရေးလေ့ကျင့်ကြမှာဖြစ်ပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုမျိုးတွေဟာ မြောက်ကိုရီးယားကို ကျူးကျော်ဝင်ရောက်ဖို့ လေ့ကျင့်တာလို့ မြောက်ကိုရီးယားဖက်က အရင်ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ခုလိုအခြေအနေမျိုးမှာ မြောက်ကိုရီယားနဲ့ ဆွေးနွေးနိုင်မယ့်အလားအလာဘယ်လောက်ရှိနိုင်ပါသလဲ။ Korea Economic Institute ကတာဝန်ရှိသူ Troy Stangarone ကသူ့ရဲ့သုံးသပ်ချက်ကို VOA ကိုခုလိုပြောပါတယ်။

"တချိန်ချိန်မှာတော့ ဆွေးနွေးပွဲတွေဖြစ်လာအောင် နည်းလမ်းရှာဖို့လိုမယ်လို့ ထင်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုက လာမယ့်တနင်္လာနေ့မှာ စတင်တော့မှာပါ။ လေ့ကျင့်မှုတွေကို စောင့်ကြည့်နေမယ်လို့ Kim Jong Un ကပြောထားပါတယ်။ ကျွန်တော့်အထင်တော့ ပူးတွဲစစ်ရေးလေ့ကျင့်နေတဲ့အချိန်အတောအတွင်း မြောက်ကိုရီးယားဖက်က အနည်းဆုံးတော့ ရန်လိုတဲ့အပြောမျိုးတွေစကားအဖြစ်ပြောလာနိုင်ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေပြီးသွားချိန်အထိ မြောက်ကိုရီးယားဖက်က နောက်ထပ် Missile ဒုံး ပစ်လွှတ်မှုတွေ မလုပ်ဘူးဆိုရင်တော့ အဲဒီအခြေအနေကနေ ဆွေးနွေးနိုင်တဲ့အခြေအနေဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မေးခွန်းဖြစ်လာနိုင်ပါတယ်။"

တောင်ကိုရီးယားနဲ့ စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင်မှုကို လက်ရှိအခြေအနေတွေကြောင့် လျှော့ချစရာအကြောင်းမရှိသလို ညှိနှိုင်းဆွေးနွေးစရာလည်း မလိုဘူးလို့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Joseph Dunford ကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီယားအရေးကြောင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကြာသပတေးနေ့က ရောက်နေတဲ့ ဗိုလ်ချုပ်ကြီး Dunford ကမြောက်ကိုရီးယားရဲ့ Missile ဒုံးရန်ကို စစ်ရေးနဲ့ တုံ့ပြန်ရင် ကြောက်မက်ဖွယ် ဆိုးကျိုးတွေရှိလာမှာဖြစ်ပေမဲ့ အမေရိကန်ပြည်ထောင်စုအပေါ် တိုက်ခိုက်နိုင်မယ့် Nuclear လက်နက်တွေ မြောက်ကိုရီးယားအစိုးရ ထုတ်လုပ်နေတာကို ခွင့်ပြုထားဖို့က စဉ်းစားစရာတောင်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG