သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအခြေချသူတွေပါတဲ့ သင်္ဘောများ စပိန်ဆိပ်ကမ်းရောက်ရှိ


လစ်ဗျားကမ်းလွန်ကနေ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်လာတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ Aquarius သဘောၤကို အီတလီနဲ့ မော်လ်တာ နိုင်ငံတို့မှာ ကမ်းကပ်ခွင့် ငြင်းပယ်ခံခဲ့ရပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ စပိန်နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါပြီ။

ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်လာတဲ့ သဘောၤနဲ့ အတူ အီတလီ ရေယာဉ် နှစ်စင်းလည်း လိုက်ပါလာပါတယ်။ Aquarius သဘောၤပေါ်မှာ လိုက်ပါလာတဲ့ ရွှေ့ပြောင်းအခြေချသူ တချို့ကို ခွဲပြီး ခေါ်ယူလာတဲ့ Dattilo သဘောၤကတော့ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ဆိုက်ရောက်ခဲ့တာပါ။

Orione သဘောၤကတော့ ဒီနေ့ နှောင်းပိုင်းမှာ ရောက်လာဖွယ် ရှိပါတယ်။ ရွှေ့ပြောင်းအခြေချသူတွေက စိုးရိမ်ပူပန်ပြီး ပင်ပန်းနွမ်းနယ်နေကြတယ်လို့လည်း ဆရာဝန်တွေက ပြောဆိုကြပါတယ်။ စပိန်နိုင်ငံ Valencia မြို့မှာတော့ ကြိုဆိုပါတယ်ဆိုတဲ့ စာတန်းကို ဘာသာစကား မျိုးစုံသုံး ရေးသားထားပြီး ရွှေ့ပြောင်းအခြေချသူတွေကို ကြိုဆိုခဲ့ကြပါတယ်။ ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းတွေထဲမှာ အမျိုးသား ၄၅၀ ၊ အမျိုးသမီး ၈၀ ပါဝင်ကြောင်း Valencia မြို့က တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသမီး ၇ ဦးကတော့ ကိုယ်ဝန်ဆောင်တွေ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အောက် ကလေးငယ် ၁၁ ဦးပါပြီး ဆယ်ကျော်သက်က ၈၉ ဦး ပါဝင်ပါတယ်။ အာဖရိက နိုင်ငံတွေက အများစု ဖြစ်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကတော့ နိုင်ငံပေါင်း ၂၆ ခုက ဖြစ်ပြီး အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေရှ့်နဲ့ ပါကစ္စတန် နိုင်ငံတို့ကလည်း ပါဝယ်တယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။ စပိန် ဝန်ကြီးချုပ်သစ် Pedro Sanchez ကတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီး မဖြစ်စေရေး ကူညီဖို့ တာဝန်ရှိကြောင်းနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တာဝန်ရှိတာနဲ့ အတူ ဒီလူတွေကို ဘေးကင်းလုံခြုံမှု ရှိရှိနဲ့ ကမ်းကပ်ခွင့်ပေးဖို့ တာဝန်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ရွှေ့ပြောင်းအခြေချသူတွေကို တင်ဆောင်လာတဲ့ Aquarius သဘောၤကို အီတလီဘက်က လက်မခံခဲ့တာဟာ လူသားမဆန်တဲ့ လုပ်ရပ်လို့လည်း Valencia မြို့တော်ဝန်က Joan Ribo က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG