သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ


ပညာရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ဓါတ်ပုံ- Myanmar State Counsellor Office)
ပညာရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ဓါတ်ပုံ- Myanmar State Counsellor Office)

(Zawgyi/Unicode)

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေးဆိုင်ရာ အခမ်းအနားတခုအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ကျောင်းသားတချို့က ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားတချို့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အကျိုးမရှိတဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ပြောဆိုခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေချိန်မှာပဲ ရန်ကုန်ပညာရေးတက္ကသိုလ် ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂတွေကကျောင်းသား တချို့က ပညာရေးစနစ်မှာ ယိုယွင်းနေတာတွေကို ပြင်ဆင်ဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မတ်တပ်ရပ် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို လုံခြုံရေး တာဝန်ရှိသူတွေက ဖယ်ရှားဖို့ ကြိုးစားနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကို ပြစ်တင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုအခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက် ၊ ကိုယ်တယောက်တည်းရဲ့ အမြင်အတွက် အသုံးချနေတာ ။ ဒါက လုံးဝဖြစ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရမယ်။ စည်းကမ်းဆိုတာကလည်း ကိုယ့်စည်းကို သိရမယ်။ အနောက်ကနေပြီးတော့ ဘာတွေပဲ ထောင်ပြထောင်ပြ ဒီကလည်း မမြင်ရဘူး ၊ မမြင်ရတော့ ဘာမှ ထူးမှာမဟုတ်ဘူး။ တင်ပြချင်တယ်ဆိုရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေအများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်တပ်ပြီးတော့ ကိုယ့်အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလိုအခမ်းအနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့ ။ “

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်ခဲ့တဲ့အပေါ် လူမှုကွန်ယက်တွေမှာ ဝေဖန်သံတွေလည်း နောက်ဆက်တွဲ ထွက်ပေါ်ခဲ့တာပါ။ တချိန်က အတိုက်အခံဘဝမှာ ကျောင်းသားလူငယ်တွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကို အားပေးခဲ့ချိန်က ပြောဆိုခဲ့တာတွေကိုလည်း လူမှုကွန်ယက်တွေမှာ ပြန်လည်ဖော်ပြခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ကိုကောင်းထက်ကျော်ကတော့ ပညာရေးစနစ်မှာ စီမံခန့်ခွဲမှုတွေ လွဲမှားနေတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ခွင့်ရချိန်မှာ ကျောင်းသားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ခဲ့တာသာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဥပဒေဘောင်နဲ့ တလျှောက်လုံးပြောခဲ့တာတွေရှိတယ်။ စာတင်တာတွေရှိတယ်။ လက်မှတ်ထိုးcampaign လုပ်တာတွေရှိတယ်။ ဒါပေမယ့် ဒါတွေကို ဒီကနေ့ NLD အစိုးရက လစ်လျူရှုခဲ့တာရှိတယ်။ ပညာရေးဝန်ကြီးဌာနက ဒါကို လစ်လျူရှုခဲ့တဲ့အတွက်ကြောင့် ဒါဟာ ဥပဒေအတွင်းက လှုပ်ရှားလို့မရတော့လို့ စည်းကမ်းရှိရှိနဲ့ ခုနက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဥပဒေဘောင်အတွင်းက တရားဝင်ပြောလို့မရတော့လို့ ကျနော်တို့က ဆန္ဒပြတဲ့နည်းနဲ့ ကျင့်သုံးရတာဖြစ်တယ်။”

ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှု ခရီးရှည်ချီတက်ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ခဲ့တဲ့ ကိုမင်းသွေးသစ်ကလည်း ဆန္ဒပြကျောင်းသားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံဘဝက ရပ်တည်ချက်နဲ့ လက်ရှိအစိုးရ အတိုင်ပင်ခံ လက်ရှိရပ်တည်ချက် နဲ့ တော်တော်လေး ကွာခြားသွားတာ တွေ့ရတယ်။ ကျောင်းသားသမဂ္ဂတွေရဲ့ တရားဝင်ဖြစ်တည်မှုနဲ့ နောက်သူတို့ရဲ့ ဆန္ဒပြခွင့်ဆိုတာမှာ ဒီကနေ့ လုပ်သွားတဲ့ ပုံစံမှာ မိန့်ခွန်းပြောနေရင်းနဲ့ ကျောင်းသားတွေကို လှမ်းငေါက်တာက ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်တာကို မကြိုက်တဲ့ ပုံစံပြတယ်လို့ ကျနော်ယူဆတယ်။ ကိုယ်အစိုးရ မဖြစ်တုန်းက တမျိုး ၊ ကိုယ်အစိုးရ ဖြစ်လာတဲ့အခါမှာ တမျိုးကျင့်သုံးတယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ကတော့ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စလို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တချိန်တုန်းက အားလုံးရှေ့မှာ ဒီမိုကရေစီ figure ဖြစ်နေတဲ့ ပုဂ္ဂိုလ်ပေါ့နော် ။ ဒီ ပုဂ္ဂိုလ်က ဒီလိုပြောင်းလဲသွားတာမျိုး မဖြစ်စေချင်ဘူး ကျနော်တို့အနေနဲ့။”

အခြေခံပညာကျောင်းတွေမှာ စာမေးပွဲဖြေကြားရမယ့် အချိန်ကို ပြောင်းလဲမယ့်အကြောင်း ပညာရေးဝန်ကြီးဌာနက မကြာသေးခင်ကပဲ ကြေညာလိုက်ပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ နေပြည်တော်က အခမ်းအနားမှာ ကျောင်းသားတချို့ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေကတော့ မတ်လကုန်အထိ စာမေးပွဲစစ်မည့်ကိစ္စ နိုင်ငံ့စီးပွားတက်နိုင်ပါသလား၊ပညာရေးစီမံခန့်ခွဲမှု အလွဲတွေ ချက်ခြင်းပြုပြင်ပေး သုတေသနမရှိတဲ့ ပညာရေးအလိုမရှိ၊ မန္တလေးတက္ကသိုလ် သပိတ်မှောက် ကျောင်းသားများကိစ္စ ဖြေရှင်းပေး၊ အမှန်တရားအတွက် အချိန်မဆွဲပါနဲ့ စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)












XS
SM
MD
LG