သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဗကသ ကို ဗဟိုကော်မီတီဝင် ၂၁ ဦးနဲ့ တိုးချဲ့ ဖွဲ့စည်း


ဗကသ ကျောင်းသားအလံ
ဗကသ ကျောင်းသားအလံ

ရှစ်ကြိမ်မြောက် ညီလာခံကျင်းပပြီး ဗဟိုစည်းရုံးရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဟာ ရှေ့လာမဲ့ကာလမှာ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ လူထုအလုံးစုံ လွတ်မြောက်ရေးအတွက် တောင်တန်း၊ မြေပြန့် ဒေသ အသီးသီးက အင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မတ်လ ၅ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် က တင်ပြပေးပါမယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေးကော်တီကို အဖွဲ့ဝင် ၂၁ ယောက်နဲ့ မတ်လ ၄ရက်၊ တနင်္လာနေ့က တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။ မတ်လ ၅ ရက်မှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗကသ အဖွဲ့က လုပ်ဆောင်ခဲ့တာတွေ၊ လိုအပ်ချက်တွေ၊ ဆက်လုပ်ရမဲ့ ကိစ္စတွေကို ကော်မတီက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ ဗဟိုစည်းရုံးရေးကော်တီရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက မခင်နီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

" ကျမတို့ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့မူနဲ့ တပ်ပေါင်းစု တည်ဆောက်ကြရမှာပါ။ ဒီလိုပဲဆက်ပြီး တည်ဆောက်ကြဖို့ ရှိပါတယ်။ အခုဆိုရင်လည်း စစ်ကောင်စီအနေနဲ့ ပိုပြီးအကျပ်ရိုက်လာရတဲ့ အနေအထားတွေရှိတယ်၊ ဒါကြောင့်မို့ သူတို့က နည်းလမ်းပေါင်းစုံ ထုတ်သုံးလာတယ်၊ တနေ့ထက်တနေ့ပိုပြီး ရက်စက်ကြမ်းကြုပ်လာတဲ့ အနေအထားတွေရှိတယ်။ ဒီအခြေအနေတွေအတွက် အသင့်ပြင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ကျဗတို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုတိုက်ပွဲနည်းနာကို ဆက်လက်ကိုင်စွဲထားတယ်၊ ပြည်သူလူထုတရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်သုံးစစ်ကို အမြစ်ဖြတ် တိုက်ဖျက်နိုင်ဖို့အတွက် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ စနစ်တကျပေါင်းစပ်နိုင်မှ အောင်ပွဲဆင်နိုင်မယ်လို့ ကျမတို့က ယုံကြည်ပါတယ်။”

ထိုင်းနိုင်ငံ အတိုက်အခံပါတီ Move Forward ပါတီက ဦးဆောင်ပြီး မတ်လ၂ရက်နေ့က ထိုင်းလွှတ်တော်မှာ ကျင်းပသွားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဗကသများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အလုပ်အမှုဆောင်တဦးဖြစ်သူ ကိုအောင်ဖုန်းမော် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ဒီပွဲကို ထိုင်းနိုင်ငံရေး အင်အားစုတွေ အပါအဝင် NUG နဲ့ တော်လှန်ရေးအင်အားစုတွေ၊ သတင်းမီဒီတွေက တာဝန်ရှိသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တတ်သိ ပညာရှင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

စစ်တပ်ရဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ ယန္တရားတွေကို ဖြိုချနိုင်မှပဲ လူထုအတွက် ထွက်ပေါက်ဖြစ်လိမ့်မယ်လို့ ဗဟိုစည်းရုံးရေးကော်တီရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက မခင်နီက အခုလို ဆက်ပြောပါတယ်။

" အခုမြန်မာပြည်မှာက မြို့ပြလူထုဆိုရင်လည်း အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတယ်၊ ကျေးလက်လူထုဆိုရင်လည် အထွေထွေ အကျပ်အတည်းအပြင် စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ဒဏ်၊ ဖျက်စီးတဲ့ဒဏ် စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရတယ်၊ ပြည်သူလူထုရင်ဆိုင်နေရတဲ့ ဒီအကျပ်အတည်းကလည်း စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရို ကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ ဒေါက်တိုင် တည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကြောင့်ပဲ ဖြစ်တယ်၊ ဒီအကျပ်အတည်းအားလုံးရဲ့ တခုတည်းသော ထွက်ပေါက်ကလည်း စစ်သုံးစစ်ကို နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ် တိုက်ဖျက်နိုင်ရေးပဲရှိတယ်။"

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ ဗကသ ကျောင်းသား ၆၀ ကျော် ဖမ်းဆီးခံရပြီး ၁၆ယောက် သေဆုံးခဲ့တယ်လို့ ဗဟိုစည်းရုံးရေး ကော်မတီကပြောပါတယ်။ အခုလက်ရှိအထိလည်း အကျဉ်းထောင်တွေထဲမှာ ဗကသဗဟိုရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ကျောင်းသား ၃၀လောက်က ဖမ်းဆီးခံထားရတုန်းဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုတွေ ခံနေရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG