လက်နက်အားလုံး နိုင်ငံတော် ထိန်းချုပ်မှုအောက်မှာ ရှိရမယ်လို့ ဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတ Ahmed al-Sharaa က နိုင်ငံလုံးဆိုင်ရာ စကားဝိုင်း ညီလာခံမှာ ပြောလိုက်တဲ့အချိန်မှာပဲ ညီလာခံ ဆုံးဖြတ်ချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ ကာ့ဒ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ဒီညီလာခံကို အွန်လိုင်းက ကျင်းပနေတာဖြစ်ပြီး ပြည်ပရောက် ဆီးရီးယားလူမျိုးတွေ အပါအဝင် လူ ၆,၀၀၀ ကျော် တက်ရောက်နေကြပါတယ်။ ဒီညီလာခံမှာ လက်နက်ကိုင်အဖွဲ့တွေကို မဖိတ်ကြားခဲ့ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ တူရကီနိုင်ငံက စွပ်စွဲထားတဲ့ ကာ့ဒ်လူမျိုးတွေရဲ့ ဆီရီးယား ဒီမိုကရက်တစ် အင်အားစု SDF ကိုလည်း ညီလာခံကို မဖိတ်ကြားခဲ့ပါဘူး။
ညီလာခံဟာ ဆီးရီးယားပြည်သူတွေကို ကိုယ်စားမပြုသလို ညီလာခံ ဆုံးဖြတ်ချက်တွေကို သူတို့ အကောင်အထည်ဖော်မှာ မဟုတ်ဘူးလို့ ကာ့ဒ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ က ကြေညာချက် ထုတ်ပြန်ပါတယ်။
ညီလာခံကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ထင်ရှားတဲ့ အတိုက်အခံ ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ တက်ရောက်နေကြပါတယ်။
ပြည်သူတွေရဲ့ အခွင့်အရေးတွေနဲ့ တရားမျှတမှုရရှိအောင် ကျူးလွန်ခဲ့သူတွေကို တရားရုံးတင်နိုင်ဖို့ အကူးအပြောင်းဆိုင်ရာ တရားမျှတမှု အဖွဲ့တဖွဲ့ကို ဖွဲ့စည်းမယ်လို့လည်း al-Sharaa က ညီလာခံကို ပြောပါတယ်။
ကိုယ်စားလှယ် ပါတယ်ဆိုရုံမျှ ညီလာခံဟာ အဓိပ္ပါယ်မဲ့၊ တန်ဖိုးမဲ့ပြီး တိုင်းပြည်အကြပ်အတည်းအတွက် တကယ့်အဖြေ ရှာနိုင်မှာမဟုတ်ဘူးလို့ ပါတီ ၃၅ ပါတီကလည်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
Forum