သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆတ်ခေတ်အလွန် ဆီးရီးယားရဲ့ တပ်မတော်တစ်ရပ် တည်ထောင်ရေး စိန်ခေါ်မှုများ


ဆီးရီးယားနိုင်ငံ ဒေရာအတီယာမြို့ တောင်ထိပ်မှာ ပျက်စီးနေသော ကွယ်လွန်သူဆီးရီးယားသမ္မတဟောင်း ဟာဖက်ဇ်အာဆတ်ရဲ့ရုပ်ထု။ ယင်းရုပ်ထုသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အာဆတ်အစိုးရအား ဖြုတ်ချခဲ့သော ပြည်သူ့အုံကြွမှုကြောင့် ဖြုတ်ချခံခဲ့ရသည်။ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်)
ဆီးရီးယားနိုင်ငံ ဒေရာအတီယာမြို့ တောင်ထိပ်မှာ ပျက်စီးနေသော ကွယ်လွန်သူဆီးရီးယားသမ္မတဟောင်း ဟာဖက်ဇ်အာဆတ်ရဲ့ရုပ်ထု။ ယင်းရုပ်ထုသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အာဆတ်အစိုးရအား ဖြုတ်ချခဲ့သော ပြည်သူ့အုံကြွမှုကြောင့် ဖြုတ်ချခံခဲ့ရသည်။ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်)

ဆီးရီးယားကြားဖြတ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအသစ် မူရာဖ် အဘူကာစရာ (Murhaf Abu Qasra)ဟာ သူပုန်အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးနေပြီး၊ သူတို့အားလုံးကို ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စုစည်းဖို့ ကြိုးပမ်းနေပါတယ်။

ဒီတွေ့ဆုံမှုတွေဟာ "စစ်တပ်ရဲ့ဖွဲ့စည်းပုံကို တည်ငြိမ်စေဖို့ လမ်းပြမြေပုံတစ်ခု ရေးဆွဲရန်" ရည်ရွယ်တယ်လို့ အဘူကာစရာက တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက သမ္မတဟောင်း ဘာရှားအယ်လ်အာဆတ် ပြုတ်ကျပြီးနောက် ဆီးရီးယားအာဏာပိုင်အသစ်တွေက သူပုန်အဖွဲ့အားလုံးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အမျိုးသားစစ်တပ်တစ်ခုအောက်မှာ စုစည်းရေးဟာ အာဆတ်ခေတ်လွန်မှာ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်မယ်လို့ ကြေညာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယားပဋိပက္ခအတွင်း သူပုန်အဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဒါဇင်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ပြီး၊ အာဆတ်အစိုးရကို တိုက်ခိုက်ဖို့ သို့မဟုတ် ဒေသခံလူထုကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။

ဆီးရီးယားအာရပ်သတင်းဌာန (SANA) မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ပုံတွင် ဒမားစကတ်မြို့၌ ကြားဖြတ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး မူရာဖ် အဘူကာစရာ။
ဆီးရီးယားအာရပ်သတင်းဌာန (SANA) မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ပုံတွင် ဒမားစကတ်မြို့၌ ကြားဖြတ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး မူရာဖ် အဘူကာစရာ။

လက်ရှိကာကွယ်ရေးဝန်ကြီးရာထူးမရခင်က အဘူကာစရာဟာ ဒီဇင်ဘာ ၈ ရက် ၂၀၂၄ မှာ အာဆတ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၁ ရက်တာ ထိုးစစ်ကို ဦးဆောင်ခဲ့တဲ့ အဓိကသူပုန်အဖွဲ့ဖြစ်တဲ့ Hayat Tahrir al-Sham (HTS) မှာ အရေးပါတဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

အယ်လ်ကိုင်ဒါနဲ့ ယခင်က ဆက်နွယ်ခဲ့ဖူးပြီး အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ HTS ဟာ ဆီးရီးယားခေါင်းဆောင်မှုအသစ်မှာ လွှမ်းမိုးမှုအရှိဆုံးအင်အားစု ဖြစ်လာပါတယ်။ ယခင်က အဘူမိုဟာမက်အယ်လ်ဂျိုလာနီ (Abu Mohammed al-Jolani) အဖြစ် သိကြတဲ့ HTS ခေါင်းဆောင် အာမက်အယ်လ်ရှာရာ (Ahmad al-Sharaa) ဟာ မကြာသေးမီက လက်နက်ကိုင်အဖွဲ့အားလုံးကို တပ်မတော်တစ်ခုတည်းအောက်မှာ စုစည်းဖို့ တိုက်တွန်းခဲ့ပြီး၊ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ HTS ကိုလည်း ဖျက်သိမ်းမယ်လို့ ကတိပြုခဲ့ပါတယ်။

ဝါရှင်တန်အခြေစိုက် New Lines Institute က အရှေ့အလယ်ပိုင်းအရေးကျွမ်းကျင်သူ နစ်ကိုလပ်စ် ဟဲရက်စ်က HTS ဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ ဆီးရီးယားအတွင်းမှာ လက်နက်အပြည့်အစုံရှိပြီး ကောင်းစွာဖွဲ့စည်းထားတဲ့ အင်အားစုတွေရဲ့ သံသယမျက်လုံးကို ရင်ဆိုင်နေရကြောင်း၊ အဲဒီအင်အားစုတွေက HTS ကို အာဆတ်အစိုးရအပြီး တိုင်းပြည်အာဏာကို အမြဲတမ်းဆက်ခံသူအဖြစ် မမြင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ဆီးရီးယား ပြည်တွင်းစစ်မှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်နေတဲ့အတွက် HTS ဟာ နိုင်ငံအနောက်ပိုင်းက တခြားလက်နက်ကိုင်အဖွဲ့တွေထက် အင်အားသာနေပေမယ့်၊ HTS ဦးဆောင်တဲ့ ကြားဖြတ်အစိုးရမှာ အရင်းအမြစ်တွေ ကန့်သတ်ချက်ရှိနေပြီး၊ အင်အားကြီးပြည်ပနိုင်ငံတွေရဲ့ သံသယမျက်လုံးအောက်မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ အရိပ်နဲ့အတူ လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်" လို့ သူက VOA ကို ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့က ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့ ဝါဒီအယ်လ်ဒါဟပ်ရပ်ကွက်တွင် ဖြုတ်ချခံ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ တပ်ဖွဲ့ဝင် 'အကြွင်းအကျန်များ'ကို ရှာဖွေစစ်ဆေးနေသည်ဟုဆိုသော Hayat Tahrir al-Sham (HTS) တပ်သားများ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့က ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့ ဝါဒီအယ်လ်ဒါဟပ်ရပ်ကွက်တွင် ဖြုတ်ချခံ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ တပ်ဖွဲ့ဝင် 'အကြွင်းအကျန်များ'ကို ရှာဖွေစစ်ဆေးနေသည်ဟုဆိုသော Hayat Tahrir al-Sham (HTS) တပ်သားများ။

ကြားဖြတ်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ပေါင်းစည်းလိုတဲ့ အဓိကအဖွဲ့တွေထဲက တစ်ခုကတော့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ဖြစ်ပါတယ်။

ကဒ်လူမျိုးတွေ ဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့ဖြစ်တဲ့ SDF ဟာ အစ္စလာမ်မစ် အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ် ဖြစ်ခဲ့ပါတယ်။ ဆီးရီးယားအရှေ့မြောက်မှာ ကျယ်ပြန့်တဲ့နယ်မြေကို ထိန်းချုပ်ထားပေမယ့် တူရကီက သူတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး၊ လက်နက်မချရင် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အာဆတ်ပြုတ်ကျပြီးနောက်ပိုင်း တူရကီထောက်ခံတဲ့ ဆီးရီးယားတပ်ဖွဲ့တွေဟာ မြောက်ပိုင်းဒေသတွေမှာ SDF နဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး၊ အလက်ပိုပြည်နယ်က မြို့တော်တော်များများကနေ SDF ကို မောင်းထုတ်နိုင်ခဲ့ပါတယ်။

ဆီးရီးယားမှာ စစ်မှန်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် မရှိဘဲ၊ နိုင်ငံရဲ့အနာဂတ်စစ်တပ်ကို ပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍက မပါဝင်ရင် လက်နက်မချဘူးလို့ SDF က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဆီးရီးယားရဲ့ လက်ရှိအစိုးရခေါင်းဆောင် အယ်လ်ရှာရာနဲ့ SDF အရာရှိတွေ ဒမားစကတ်မြို့မှာ တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးချက်တွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

The Soufan Group ရဲ့ သုတေသနဒါရိုက်တာ ကော်လင် ကလာ့ခ်က "SDF အဖွဲ့အနေနဲ့ ဆီးရီးယားပြည်သူတွေနဲ့ နိုင်ငံအတွက် မှန်ကန်တဲ့အရာကို လုပ်ချင်တယ်ဆိုတာ ကျွန်တော် သေချာပြောနိုင်ပါတယ်။ ဒါပေမဲ့ တူရကီလို အင်အားကြီးစစ်တပ်နဲ့ ရှင်သန်ရေးတိုက်ပွဲ ဆင်နွှဲနေရချိန်၊ ပြန်လည်အားကောင်းလာတဲ့ IS (အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့)နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကြားမှာ SDF က သူ့တစ်ဖွဲ့တည်း လက်နက်ချဖို့ဆိုတာ ရူးရူးမိုက်မိုက်လုပ်ရာ ကျပါလိမ့်မယ်" လို့ ပြောပါတယ်။

"SDF ရဲ့ ပထမဦးစားပေးက ရှင်သန်ရပ်တည်ရေးပဲ ဖြစ်ပါတယ်။ ဆီးရီးယားဟာ အစိုးရက လုံခြုံရေးနဲ့ အကာအကွယ်ပေးမယ်လို့ ကတိပေးနေပေမယ့် လူနည်းစုအုပ်စုတွေအနေနဲ့ လက်နက်ကို အလွယ်တကူ စွန့်လွှတ်လို့ မဖြစ်နိုင်တဲ့ နိုင်ငံမျိုးဖြစ်နေတယ်" လို့ သူက VOA ကို ပြောပါတယ်။

တူရကီထောက်ခံသော စစ်သားများနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာတွင် ကျဆုံးခဲ့သော ကဒ်လူမျိုး SDF တပ်သား ၆ ဦး၏ ဈာပနအခမ်းအနား၌ ကျဆုံးသူများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားသော ဝမ်းနည်းငိုကြွေးကြသူများ။ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်)
တူရကီထောက်ခံသော စစ်သားများနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာတွင် ကျဆုံးခဲ့သော ကဒ်လူမျိုး SDF တပ်သား ၆ ဦး၏ ဈာပနအခမ်းအနား၌ ကျဆုံးသူများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားသော ဝမ်းနည်းငိုကြွေးကြသူများ။ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်)

လေ့လာသုံးသပ်သူ ဟဲရက်စ်က လက်ရှိအချိန်မှာ HTS အနေနဲ့ ဆီးရီးယားကို အုပ်ချုပ်နိုင်တဲ့ စွမ်းအားအကန့်အသတ်တွေ ရှိနေသေးတယ်လို့ ယုံကြည်ပါတယ်။ "အကြောင်းကတော့ တောင်ပိုင်း Sweida က ဒရုဇူးလူမျိုးစုတွေက HTS အနေနဲ့ သူ့မဟာမိတ်တွေထဲက အစွန်းရောက်အင်အားစုတွေကို ထိန်းချုပ်နိုင်မယ်လို့ မယုံကြည်ကြသလို၊ SDF ကလည်း သူတို့ထိန်းချုပ်ထားတဲ့ ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ဒါ့အပြင် တောင်ပိုင်းစစ်ဆင်ရေးအဖွဲ့၊ မြောက်ပိုင်းက တူရကီထောက်ခံတဲ့ တာ့ခ်မင် (Turkmen) အင်အားစုတွေ၊ ဟွမ်းစ်မြို့က ခရစ်ယာန်စစ်တပ်ဖွဲ့တွေနဲ့ ကမ်းရိုးတန်းတောင်တန်းဒေသမှာ တဖြည်းဖြည်းစုစည်းနေတဲ့ အလာဝိုက်မျိုးနွယ်စုတွေအားလုံးက ဆီးရီးယားရဲ့အနာဂတ်မှာ ပါဝင်ခွင့် တောင်းဆိုနေကြတယ်"

ဆီးရီးယားက စစ်သားအဖွဲ့တွေ၊ ဆွန်နီအာရပ်အသိုင်းအဝိုင်းထဲက အများအပါအဝင် "HTS ကို အာဆတ်အစိုးရကို အဆုံးသတ်နိုင်ခဲ့တဲ့ ဂုဏ်ယူစရာနဲ့ပဲ ကျေနပ်စေချင်ပြီး၊ ဆီးရီးယားအနာဂတ်နိုင်ငံတော်ရဲ့ အခန်းကဏ္ဍမှာ နောက်ဆုတ်ပေးစေချင်ကြတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဆီးရီးယားစစ်တပ်ဖွဲ့တွေအများအပြားက HTS ဟာ ယခင်အာဏာရ ဘတ်သ်ပါတီ (Baath) နေရာမှာ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ပုံစံနဲ့ အစားထိုးဖို့ ကြိုးစားနေတယ်လို့ ယုံကြည်နေကြတယ်" လို့ သူက ပြောပါတယ်။

IS ဆန့်ကျင်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့ ယခင်ပြောရေးဆိုခွင့်ရှိသူ မိုင်းလ်စ် ကက်ဂင်းစ်က ဆီးရီးယားအစိုးရသစ်အနေနဲ့ နိုင်ငံတကာထောက်ခံမှု ရရှိဖို့ အားလုံးပါဝင်နိုင်တဲ့ ခြေလှမ်းတွေ လှမ်းသင့်တယ်လို့ ပြောပါတယ်။

"ဆီးရီးယားဟာ လူ့အခွင့်အရေးကို လေးစားပြီး လူနည်းစုအခွင့်အရေးတွေကို ကာကွယ်ပေးတဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် အားလုံးပါဝင်နိုင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းရမယ်" လို့ သူက VOA ကို ပြောပါတယ်။ "အဲဒီအခါမှသာ ဆီးရီးယားဟာ နိုင်ငံတကာအဆင့်မှာ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်မှာ ဖြစ်တယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို ဗွီအိုအေကာ့တ်ဌာနမှ ရေးသားပါတယ်။

Forum

XS
SM
MD
LG