သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေး နိုင်ငံတကာ ဆွေးနွေးပွဲ Geneva မှာစတင်


ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura
ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura

ဆီးရီးယား နိုင်ငံတွင်း မကြာခင်က အကြမ်းဖက်မှုတွေ အပေါ် တချို့က စိုးရိမ်နေကြပေမယ့်လည်း မကြာခင်မှာ အပြောင်းအလဲ တခုဖြစ်လာတော့မယ်လို့ ယုံကြည်တဲ့ အကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura က ပြောဆိုလိုက်ပါတယ်။ ၇ နှစ်နီးပါးကြာ တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်ရေး အတွက် ရည်ရွယ် ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အသစ်တကျော့ စဖို့ ပြင်ဆင်နေချိန်မှာဘဲ ကုလ အထူးကိုယ်စားလှယ်က အခုလို ပြောဆိုလိုက်တာပါ။

ဂျီနီဗာမှာ ဒီကနေ့ အင်္ဂါနေ့ စတင်ဖို့ စီစဉ်ထားတဲ့ ကုလ ဦးဆောင်တဲ့ ဆွေးနွေးပွဲကတော့၂၀၁၂ ခုနှစ်ကတည်းက ဆိုရင် ၈ ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အရင် ဆွေးနွေးပွဲတွေမှာတော့ သမ္မတ ဘာရှာအယ်လ် အာဆဒ်ကို သမ္မတအဖြစ် ဆက်လက် ထားရှိမလား ဆိုတာအပါအဝင် ဆီးရီးယား အစိုးရနဲ့ သူပုန် ကိုယ်စားလှယ်တွေကြား အကြီးအကျယ် သဘောကွဲပြားမှုတွေကြောင့် ဆွေးနွေးပွဲက ကြာကြာ မခံခဲ့ပါဘူး။

အတိုက်အခံတွေရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံရေး အသွင်ကူးပြောင်းမှု စတင်ချိန်မှာ သမ္မတ အာဆဒ်ကို ရာထူးက ဖယ်ရှားရေး ဖြစ်တယ်လို့ အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ Nasr Hariri က မနေ့ တနလာၤနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပြီးနောက်မှာတော့ နှစ်ဘက်တို့ အနေနဲ့ အရင် အခြေအနေမျိုး အတိုင်း ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတာပါ။ ဆီးရီးယား အစိုးရ ကိုယ်စားလှယ် အဖွဲ့ကတော့ ဂျီနီဗာကို ရောက်မလာသေးပါဘူး။

ဒါပေမယ့်လည်း မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရောက်လာဖို့ အစီအစဉ် ရှိကြောင်း ကုလ ပြောခွင့်ရ Alessandra Vellussi က ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ ဒါပေမယ့်လည်း ကုလ အထူးကိုယ်စားလှယ် မစ္စတာ de Mistura ကတော့ ဆွေးနွေးမှုတွေကို ဒီကနေ့ အင်္ဂါနေ့မှာ အတိုက်အခံ ကိုယ်စားလှယ်တွေနဲ့ စတင်ဖို့ ပြင်ဆင်ထားပါတယ်။ အရင် ဆွေးနွေးပွဲတွေတုန်းကလည်း တဖက်ဖက်က ဆွေးနွေးပွဲကို တရက် ၊ ၂ ရက် နောက်ကျပြီးမှ ရောက်လာတတ်တဲ့ အခြေအနေမျိုးနဲ့ဘဲ လုပ်ခဲ့ရတာပါ။ ၂၀၁၁ ခုနှစ်က စတင်တဲ့ခဲ့ ဆီးရီးယား ပြည်တွင်းစစ် အတွင်း သေဆုံးသူ ၄ သိန်းကျော် ရှိခဲ့ပြီး လူပေါင်း ၁၃ သန်းကျော်ကတော့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG