သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအဖွဲ့အစည်းတွေမှာ အာဖဂန်အမျိုးသမီးတွေ အလုပ်လုပ်ခွင့် တာလီဘန်ပိတ်ပင် 



ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ အာဖဂန် အမျိုးသမီးတွေ အလုပ်လုပ်ခွင့် ပိတ်ပင်မယ်လို့ တာလီဘန်တွေက အကြောင်းကြားခဲ့တဲ့အကြောင်း ကုလသမဂ္ဂ က အင်္ဂါနေ့က ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာလီဘန်ဘက်ကတော့ လူသိရှင်ကြား ထုတ်ဖော်ပြောထားတာ မရှိသေးပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို တာလီဘန်တွေ ပိတ်ပင်လာတာ ဖြစ်ပြီး ဒီလုပ်ရပ်အပေါ် လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် Antonio Guterres က ပြောတဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရ Stephane Dujarric က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အထောက်အပံ့ပေးရေး အဖွဲ့အစည်းတွေအနေနဲ့ တကယ်လိုအပ်နေသူတွေဆီ အကူအညီမပို့နိုင်အောင် တားဆီးမှု ဖြစ်တယ်လို့လည်း ပြောပါတယ်။ အာဖဂန်အမျိုးသမီးတွေ ကုလသမဂအဖွဲ့အစည်းမှာ အလုပ်လုပ်ခွင့် တားမြစ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂက ကြိုတင်ခန့်မှန်းထားပြီး ဒီအပေါ် စိုးရိမ်ကြောင်း ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ပြောနေတာပါ။

၂၀၂၃ ဇန်နဝါရီတုန်းက ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Amina Mohammad အာဖဂန်နိုင်ငံက မြို့တွေဆီ သွားရောက်ပြီး တာလီဘန်ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းကလည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဆုတ်ယုတ်လာတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးအခြေအနေတွေ၊ အထူးသဖြင့် ကျောင်းမတက်ရတာနဲ့ အိမ်ပြင်ထွက် အလုပ်လုပ်ခွင့်ပိတ်ပင်တဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ပြည်တွင်းပြည်ပ အထောက်အပံ့ပေးရေး အဖွဲ့တွေမှာ အာဖဂန်အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ကို ၂၀၂၂ ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက တာလီဘန်က ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG