သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ခရိုင်နှစ်ခုကို တာလီဘန်တပ်တွေ သိမ်းယူ


တာလီဘန်တပ်သားများ
တာလီဘန်တပ်သားများ

အာဖဂန် နစ္စတန်နိုင်ငံတွင်း အရေးပါတဲ့ ခရိုင်နှစ်ခုက ဌာနချုပ်တွေကို သိမ်းယူပြီး အနီးတဝိုက်က အစိုးရ ဌာနတွေကိုလည်း တာလီဘန်တို့ တိုက်ခိုက်နေတဲ့ အာဖဂန် နစ္စတန် အလယ်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Ghor ပြည်နယ်ထဲက Taywara ခရိုင်ကို ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ သူပုန်တွေ ဝင်ရောက် တိုက်ခိုက်တာ ဖြစ်တယ်လို့ အာဖဂန် အစိုးရနဲ့ တာလီဘန် သူပုန်ဘက်က တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

Ghor ပြည်နယ်နဲ့ ကပ်ရပ် နိုင်ငံ မြောက်ပိုင်းက Faryab ပြည်နယ် Kohistan ခရိုင်ကို တာလီဘန် သူပုန်တွေ ထိန်းချုပ်သိမ်းယူပြီးနောက်မှာ Ghor ပြည်နယ်ထဲက Taywara ခရိုင်ကို ဝင်တိုက်တာ ဖြစ်ပါတယ်။ Taywara ခရိုင်ကို ထောင်နဲ့ချီတဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေက အာရုံမတက်ခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ခရိုင်ကို မစီးနင်းနိုင်ခင်မှာ အာဖဂန် တပ်ဖွဲ့တွေက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့လည်း Ghor ပြည်နယ် အုပ်ချုပ်ရေးမှူး Nasir Khazay က ဗွီအိုအေကို ပြောပါတယ်။

Faryab ပြည်နယ် Kohistan ခရိုင်ကိုတော့ တာလီဘန် သူပုန် ၇၀၀ လောက် ညအချိန် ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ရဲဌာနချုပ် အပါအဝင် အရေးပါတဲ့ ဌာနချုပ်တွေကို အချိန်တို အတွင်း သိမ်းယူခဲ့ပြီးနောက် ခရိုင်တခုလုံးကို ထိန်းချုပ်လိုက်တာလို့ အစိုးရ ပြောခွင့်ရ တဦးက ဗွီအိုအေကို ပြောပါတယ်။ Lawlash ခရိုင်တွင်းက အစွန်းအဖျားက ကျေးရွာတခုမှာလည်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀၀ လောက် ပိတ်မိနေပြီး အရေးပေါ် စစ်ကူလိုအပ်နေတယ်လို့ Abdul Karim Youresh ကပြောပါတယ်။

Faryab ပြည်နယ်ထဲက တခြား ခရိုင် ၈ ခုတွင်းက အစိုးရ ဌာနတွေကိုလည်း သူပုန်တွေက တိုက်ခိုက်နေတယ်လို့ အာဖဂန် မီဒီယာက ဖော်ပြပါတယ်။ ခရိုင်နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်တာမှာ တာလီဘန် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် အကျအဆုံးများပြားခဲ့ပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်ဆိုပြီး တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က ပြောဆိုပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက်တွေ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG