သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်၊ အစ္စရေး၊ ကာတာနဲ့ အီဂျစ်အရာရှိတွေ ဂါဇာအပစ်ရပ်ရေး ညှိနှိုင်းနေ


အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းတွေနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah ဒုက္ခသည်စခန်း (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးလာကြတဲ့ ပါလက်စတိုင်းတွေနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah ဒုက္ခသည်စခန်း (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၄)

အမေရိကန်၊ အစ္စရေး၊ ကာတာနဲ့ အီဂျစ်နိုင်ငံတွေကအရာရှိတွေဟာ ဂါဇာဒေသ အပစ်ရပ်ရေးအတွက် သဘောတူညီမှု အသစ်ရရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေဖမ်းထားတဲ့ဓါးစာခံတွေ ထပ်လွတ်လာစေရေး ကြိုးပမ်းဖို့အတွက် အင်္ဂါနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံကြပါတယ်။

တချိန်တည်းမှာပဲ ပါလက်စတိုင်းသား တသန်းကျော်ခိုလှုံနေတဲ့ ရာဖာမှာ တပ်စွဲထားတဲ့ ဟာမတ်စ် စစ်သွေးကြွတပ်ရင်း ၄ ခုကိုဖယ်ရှားဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်ဖို့ပြင်နေတဲ့ အစ္စရေးရဲ့အစီအစဉ် ဆိုင်းငံ့ထားရေးအတွက် နိုင်ငံတကာ ခေါင်းဆောင်တွေက ပန်ကြားနေတာပါ။ တနင်္လာနေ့ကတော့ ဟာမတ်စ်တွေ ဖမ်းထားတဲ့ ဓါးစာခံ ၂ ယောက်ကို ရာဖာကနေ အစ္စရေးတပ်တွေက ကယ်တင်လိုက်နိုင်ပေမယ့် ဒီလိုကယ်တင်တဲ့စစ်ဆင်ရေးအတွင်း ပါလက်စတိုင်းသား ၇၄ ယောက် သေဆုံးခဲ့ရပါတယ်။

ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ လူသားစာနာမှု ကူညီရေးအတွက် အဓိကလုပ်ဆောင်နေတဲ့ရာဖါမှာ အခုလို ထိုးစစ်တာမျိုးမလုပ်ဘဲ ဓါးစားခံတွေကယ်တင်နိုင်ရေးကို ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ထိုးစစ်ဆင်မှုတွေကနေ နေရပ်စွန့်ခွါ ထွက်ပြေးရတဲ့ ပါလက်စတိုင်းတွေအတွက် လူသားစာနာမှု အကူညီပေးနေတာတွေ ရပ်တန့်ကုန်ပြီး ထိရောက်မှုမရှိဘဲ ဖြစ်စေတယ်လို့ သတိပေးပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ရာဖါမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်းတွေအတွက် အီဂျစ်နယ်စပ်နားကိုထွက်သွားဖို့ လမ်းကြောင်းဖွင့်ပေးမှာ ဖြစ်ကြောင်းပြောပါတယ်။ ဒါပေမယ့် ဘယ်နေရာလဲဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောပါဘူး။ ပါလက်စတိုင်းတွေကို ဘယ်နေရာပဲ ရွှေ့ရွှေ့ ထူးမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ပြောနေချိန်မှာပဲ အီဂျစ်ကတော့ ထွက်ပြေးခိုလှုံသူတွေ သူ့နယ်စပ်ကို ကျော်ဖြတ်လာခွင့်ပြုမှာဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG