သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဖြစ်လာမှာစိုးရိမ်လို့ တီးတိန်မြို့ခံတွေ တိမ်းရှောင်ဖို့ပြင်ဆင်နေ


Tedim တီးတိန်
Tedim တီးတိန်

ချင်းညီနောင်ပူးပေါင်းအဖွဲ့က ချင်းပြည်နယ် တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မယ့် အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ မြို့ခံအများစုက အသုံးအဆောင်နဲ့ တန်ဖိုးရှိပစ္စည်းတွေကို ကြိုတင်ရွှေ့ပြောင်းနေကြပါတယ်။ တနင်္ဂနွေနေ့တုန်းက တီးတိန်မြို့ မြို့မရပ်ကွက်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ ကလေးသူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တီးတိန်ဘက်က အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ချင်းညီနောင်ပူးပေါင်းအဖွဲ့က ချင်းပြည်နယ် တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မယ့် အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေ ကြတယ်လို့ တီးတိန်မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ပထမအပတ်က စပြီး မြို့ခံအများစုက သူတို့ နေအိမ်မှာရှိတဲ့ အသုံးအဆောင်ပစ္စည်းနဲ့ တန်ဖိုးရှိပစ္စည်းတွေ ကြိုတင် ပြောင်းရွှေ့မှု လုပ်ဆောင်နေကြသလို လူတွေ ချက်ချင်းဆိုသလို တိမ်းရှောင်နိုင်ဖို့ အထုပ် ထုပ်ပိုး ပြင်ဆင်ထားကြတယ်လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။

“တော်တော်များများက ပစ္စည်းတွေကို စပြီးတော့ ရွှေ့ကြပြီးပေါ့နော်၊ ဘာဖြစ်လဲဆိုတော့ ကောလာ ဟလသတင်းလိုလို အမှန်အကန်လိုမျိုးသတင်းတွေ ထွက်နေတယ်ပေါ့နော်၊ CB ဝင်လာမယ် ဆိုပြီးတော့မှ သတင်းတွေ ထွက်လာတယ်ဆိုတော့ အဲ့ဒါကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းနေကြတယ်ပေါ့နော်။ လူကတော့ တိမ်းရှောင်တာမျိုးတော့ မရှိသေးဘူးပေါ့နော်။”

ချင်းညီနောင်ပူးပေါင်းအဖွဲ့က မင်းတပ်နဲ့ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် တီးတိန်မြို့ဘက်ကို ဆက်လက် ထိုးစစ်ဆင်လာမယ့်အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။ မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင် စားဝတ်နေရေးနဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အပြင် စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးပြီး တပ်သားစုဆောင်းတဲ့အခြေအနေ ကြုံရမှာလည်း စိုးရိမ်တယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။

ဒါအပြင် မြို့ခံတွေ တိမ်းရှောင်တဲ့ကာလမှာ နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်းရပြီး ပစ္စည်းတွေ ခိုးယူခံရမှုရှိခဲ့တာကြောင့် အလားတူ ဖြစ်စဉ် ထပ်မကြုံရအောင် ကြိုင်ဆင်ကြတာလို့ တီးတိန်မြို့ခံက ဆက်ပြောပါတယ်။

“မြို့ပေါ်မှာ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်ကြတာ၊ ဘာဖြစ်လဲဆိုတော့ အရင်တခေါက် မြို့ထဲတိုက်ပွဲ ကလည်း ဘုမသိဘာမသိနဲ့ ကမောက်ကမကြုံရတဲ့အချိန်ကြတော့ ပစ္စည်းကလည်း မယူနိုင်၊ လူပဲ လွတ်အောင်ပြေးနေရတယ် အဲ့အခြေအနေမျိုးကြုံရတယ်။ ပြီးတော့မှ ပစ္စည်းတွေ ထားခဲ့တယ် တိုက်ပွဲက ငြိမ်ပြီဆိုပေမယ့် မြို့ထဲမှာ သူခိုးတွေ အိမ်ဖောက်တာမျိုးတွေ ပစ္စည်းခိုးတာမျိုးတွေ ရှိတော့ နောက်တခါ အဲ့လိုမျိုးထပ်မဖြစ်အောင်ဆိုတော့မှ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းကြတာဖြစ်တယ်ဟုတ်။”

တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ တီးတိန်မြို့မှာ စစ်လက်ကျန်ပစ္စည်းနဲ့ မြေမြှုပ်မိုင်း အန္တရာယ်လည်း ရှိနေပါတယ်။ ဇန်နဝါရီလ ၅ ရက် ပြီးတဲ့ တနင်္ဂနွေနေ့က တီးတိန်မြို့ မြို့မရပ်ကွက်မှာ ကလေးငယ်တွေ ဆော့ကစားရာမှာ မြေမြှုပ်မိုင်းထိမိ ပေါက်ကွဲမှုကြောင့် အသက် ၁၂ အရွယ်ဝန်းကျင် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

“ကလေး ၃ ယောက်ပေါ့နော်၊ ၁၂ နှစ်ဝန်းကျင်ပေါ့။ အဲ့ ၃ ယောက်က ပုတ်သင်ညိုရှာရင်းနဲ့ ထွေအုပ်ရုံးနဲ့ ဆောက်လုပ်ရေးရုံးကြားမှာရှိတဲ့ ထောပတ်ပင်အောက်မှာ ရှိနေတဲ့ အဲ့ ပုတ်သင်ညိုက အဲ့ဒါကို အဲ့ ကလေး ၃ ယောက်က ခဲနဲ့လှမ်းထုတဲ့အချိန်ကျတော့ ပေါက်ကွဲတတ်တဲ့ပစ္စည်းကို သွားထိတာ၊ ကလေး ၃ ယောက်စလုံးက ခါးအောက်ပိုင်း အကုန်လုံးထိသွားတာပေ့ါနော်၊ တယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။”

နောက်ထပ်မြို့ခံတဦးက တိုက်ပွဲဖြစ်လာမယ့်အပေါ် စိုးရိမ်ထိတ်လန့်တဲ့အခြေအနေကို ခုလို ပြောပါတယ်။

“အကုန်လုံးက ထိတ်ထိတ်လန့်လန့်ဖြစ်တော့လေ။ အထုပ်တွေတော့ ပြင်ဆင်ကြတယ်။ ကျနော်တို့ကလေ တခေါက်လည်း ကြုံပြီးပြီဆိုတော့ အဲ့ဒါမျိုးက ကောလာဟလပဲဖြစ်ဖြစ်ပေါ့နော် ကြားပြီဆိုရင်တော့ တမြို့လုံးက အဲ့လိုစိုးရိမ်ထိတ်လန့်ကြတာပေ့ါနော်။”

တီးတိန်မြို့မှာတော့ ပြီးခဲ့တဲ့ နှစ် မေလတုန်းက ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ်က ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိုက်ပွဲတည်ငြိမ်တဲ့အချိန်မှာ နေရပ်ပြန်လာကြတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။ အဲ့တုန်းက တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က နေအိမ် ၆၀ ကျော် မီးရှို့ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တာကြောင့် ဒီတခါ တိုက်ပွဲဖြစ်လာရင် တမြို့လုံးပြာကျသွားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

ချင်းညီနောင်ပူးပေါင်းအဖွဲ့က တီးတိန်မြို့ သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မယ်သတင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူကို ဗွီအိုအေက ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။ တီးတိန်မြို့ရဲ့ တောင်ဘက်မှာ ဖလမ်းမြို့နယ်နဲ့ ဆက်စပ်နေပြီး မြောက်ဘက်မှာတော့ အိန္ဒိယနိုင်ငံ မဏိပူရမြို့နယ်နဲ့ ဆက်စပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG