သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုစွဲဆိုခံ Imran Khan ကို ပါကစ္စတန်တရားရုံးက ယာယီအာမခံပေး


(Zawgyi / Unicode)

အကြမ်းဖက်မှု စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို အစိုးရအနေနဲ့ ဖမ်းဆီးတာ မလုပ်ဖို့ တရားရုံးကနေ တနင်္လာနေ့က တားမြစ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က နိုင်ငံရေး တရားဟောပွဲတခုမှာ သူ့အနေနဲ့ တရားရေးဆိုင်ရာ အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီလို စွဲချက်တွေအပေါ်မှာ သူအနေနဲ့ အသနားခံလွှာ မတင်မီအထိ လုပ်နည်းလုပ်ထုံး ဆိုင်ရာ လိုအပ်ချက်တွေကို ဆောင်ရွက်ဖို့အတွက် လာမယ့် ကြာသပတေးနေ့ တိုင်အောင် မြို့တော်ရဲ့ တရားရုံးကနေ အာမခံပေးထားကြောင်း Imran Khan ရဲ့ ရှေ့နေ Babar Awan က သတင်းသမားတွေကို အစ္စလာမ္မာဘတ်မြို့မှာ ပြောပါတယ်။ ဒါဟာ အတိုက်အခံတွေကို အသံတိတ်သွားအောင် ဝန်ကြီးချုပ် Shehbaz Sharif အစိုးရက နိုင်ငံရေးရည်ရွယ်ချက် နဲ့ လုပ်ဆောင်မှုပဲ ဖြစ်တယ်လို့ Khan ရဲ့ PTI ပါတီက ဝေဖန်လိုက်ပါတယ်။

ဒါအပြင် သန်းပေါင်း ၂၂ဝ ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်ပေါ်လာအောင် လှုံဆော်လိုက်တာလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ပါကစ္စတန် လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ပြီး ဝန်ကြီးချုပ် Imran Khan အစိုးရကို အခုလက်ရှိ အစိုးရအဖွဲ့က ဦးဆောင် ဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် ဖြုတ်ချခံခဲ့ရတဲ့ Khan ရဲ့ ပါတီက ဝန်ကြီးချုပ် Sharif ရဲ့ အစိုးရကို နိုင်ငံအန့ှံ ဆန့်ကျင် ဆန္ဒပြပွဲတွေပြုလုပ်ပြီး ရွေးကောက်ပွဲအသစ်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၇ဝ အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း Imran Khan ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သူအပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ထောင်ဒဏ် နှစ် အတော်ကြာ ကျခံရနိုင်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ PTI ပါတီ ခေါင်ဆောင်တွေ နဲ့ သူအပေါ် ထောက်ခံကြသူတွေကတော့ ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Khan ကို ဖမ်းဆီးရင် ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်အထိ ချီတက်ကြမယ်လို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG