သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မလေးနယ်စပ် ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတချို့ ကိုဗစ်ပိုးတွေ့


ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတဲ့ Sadao ခရိုင် လဝကအချုပ်ထောင်။ (ဓာတ်ပုံ - CJ)
ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတဲ့ Sadao ခရိုင် လဝကအချုပ်ထောင်။ (ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ထိုင်း-မလေးနယ်စပ် ဆုန်ခလာပြည်နယ် Sadao ခရိုင်ထဲမှာ မလေးရှားကိုသွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းမိပြီးတဲ့နောက် ၉ ဦးမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိတဲ့အတွက် ဖမ်းဆီးခံရသူတွေနဲ့ ထိစပ်တဲ့ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေ၊ မြို့နယ်အာဏာပိုင်တွေ အယောက် ၄၀ လောက် စောင့်ကြည့်ရေးစင်တာကို ပို့ထားရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မလေးနယ်စပ် Sadao ခရိုင်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား အုပ်စု ၂ စုကို ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးပြီးတဲ့နောက် ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေးရာမှာ ၉ ဦးက ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် မြို့နယ်ဆေးရုံကို ပို့ပြီး ကုသနေရပါတယ်။ ဖမ်းဆီးမှုတွေမှာ ပါဝင်တဲ့ ရဲဝန်ထမ်းတွေ အပါအဝင် မြို့နယ်အာဏာပိုင်တွေထဲက လူ ၄၀ ဟာ အခုအခါမှာ စောင့်ကြည့်ရေးစင်တာမှာ ၁၄ ရက်ထားပြီး စစ်ဆေးမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“အဲဒါက မြန်မာ ၁၄ ယောက်ကို အုပ်စု ၂ အုပ်စုခွဲပြီး ဖမ်းမိတယ်။ သူတို့ကို ကိုဗစ်စစ်တာပေါ့။ စစ်ပြီးချိန်မှာ အဲဒီထဲမှာ ၉ ယောက်က ရောဂါပိုးတွေ့တယ်။ မြို့နယ်ဆေးရုံမှာ ပို့ပြီး ကုထားတယ်။ အဲဒါနဲ့ပတ်သက်ပြီး သူတို့ကိုလာပြီး ဖမ်းဆီးတဲ့ အာဏာပိုင်တွေ၊ ရဲတွေ၊ လဝကတွေ၊ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ ဝန်ထမ်းတွေ၊ ဖမ်းဆီးမှုမှာပါတဲ့သူတွေမှာ ထိစပ်မှုရှိတဲ့အတွက် စောင့်ကြည့်စင်တာ ဝင်ရတယ်။ အားလုံးပေါင်း အယောက် ၄၀ ရှိတယ်။ သူတို့နဲ့ ထိစပ်တဲ့သူအားလုံး ကိုဗစ်စစ်ရတာ၊ စောင့်ကြည့်စင်တာမှာ ၁၄ ရက် စောင့်ကြည့်တာတို့ လုပ်တာပေါ့။”

အခုအခါမှာတော့ ဆုန်ခလာပြည်နယ် အပါအဝင် ပြည်နယ် ၃ ခုကိုတော့ ကန့်သတ်မှုတွေ ဖြေလျှော့ပေးတာတွေ မလုပ်ဘဲ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း ထိုင်းအစိုးရက ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်သွားပါတယ်။

“အရေးပေါ်အခြေအနေကို ဆက်လက်ကျင့်သုံးမယ်လို့ ထုတ်ပြန်တယ်။ ၃ ပြည်နယ်ပေါ့၊ နာရာသီဝ၊ ဆုန်ခလာနဲ့ ပတ်သနီနဲ့ပေါ့။”

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ် Sadao ခရိုင်ထဲက လဝက အချုပ်စခန်းမှာ ချုပ်နှောင်ထားခံနေရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကိုလည်း စစ်ဆေးတွေ့ရှိရတဲ့အတွက် အချုပ်ထောင်အရာရှိ ၂၀ ကျော်ကိုပါ ပိုးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကူးစက်နေသူ အများစုဟာ မြန်မာနိုင်ငံကနေလာကြတဲ့ ရိုဟင်ဂျာလူမျိုးတွေလို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

အခုလို အစုအပြုံလိုက် ပိုးကူးစက်ပြန့်ပွားနေတာနဲ့ ပတ်သက်ပြီး ဆုန်ခလာပြည်နယ် အမှတ် ၆ ဒေသ လဝကရဲ့ ထုတ်ပြန်ချက်အရ လဝကအချုပ်စခန်းမှာ ကိုဗစ်ပိုး ကူးစက်ပြန့်ပွားနေတာ ဟုတ်မှန်ကြောင်းနဲ့ အကျဉ်းသားတွေအားလုံးကို ပိုးစစ်ဆေးနေရာမှာ ၂၉ ဦး စတင်တွေ့ရှိရတဲ့အတွက် ပြည်နယ်အတွင်းက ဆေးရုံတွေဆီ ပို့ဆောင်ကုသမှှုတွေ ပြုလုပ်နေကြောင်း ဖော်ပြထားပါတယ်။

အချုပ်စခန်းထဲမှာသာ ကူးစက်ပြန့်ပွားနေတာသာဖြစ်ပြီး ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို အရေးတကြီး လုပ်ဆောင်နေကြောင်း၊ အနီးဆုံး လူနေရပ်ကွက်တွေကို ကူးစက်မှုရှိလာမှာ မဟုတ်တဲ့အကြောင်း၊ ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု မဖြစ်ရန် နှိုးဆော်ထားပါတယ်။

ထိုင်းအစိုးရကတော့ ကိုဗစ်အတည်ပြုလူနာ ၁,၄၇၀,၀၀၀ ကျော်ရှိကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ တနေ့တည်း ကူးစက်သူ ၁၃,၅၀၀ ကျော်ရှိကြောင်း သေဆုံးသူစုစုပေါင်း ၁၅,၀၀၀ ကျော်ရှိကြောင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။

ကူးစက်မှုတွေ လျော့ကျလာတဲ့အတွက် စီပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့နဲ့ နိုင်ငံခြားခရီးသွားတွေကို ဖိတ်ခေါ်နိုင်ဖို့ ကန့်သတ်ပိတ်ဆို့ထားတဲ့ ပြည်နယ်တချို့ကိုလည်း ဖြေလျော့ပေးမှုတွေ လုပ်လာပါတယ်။ ဒါပေမယ့် ကူးစက်မှုတွေကတော့ နေ့စဉ် သောင်းချီရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)













XS
SM
MD
LG