[Zawgyi/Unicode]
ထိုင်းနိုင်ငံအလယ်ပိုင်းက မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေကြတဲ့ စမုဆာခွန်းခရိုင်မဟာချိုင်ဒေသမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တိုးလာနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။
ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် ကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား ကူးစက်ခံနေရတဲ့ စမုဆာခွန်းခရိုင် မဟာချိုင်ဒေသမှာ နောက်ထပ် နေ့စဉ်ကူးစက်သူ ၁,၀၀၀ နီးပါး စစ်ဆေးတွေ့ရှိနေတာ ဖြစ်ပါတယ်။ ကူးစက်သူတွေထဲမှာ အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်းလည်း မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သလာကွန်း (ပုဇွန်ဈေး)ကို နောက်တကြိမ်လောက် ပြန်စစ်တော့လူ ၁၀၀ ကျော်တွေ့တော့ အဲဒါဆို စိုးရိမ်ရတယ်ပေါ့။ ဆေးတက္ကသိုလ်ကျောင်းသားတွေရော၊ ဘန်ကောက်က ဆင်းလာပြီး ဝိုင်းဝန်းပြီး ဆေးတွေ အခမဲ့ ထပ်စစ်တဲ့အခါမှာ မနေ့ညက ၉၀၀ ကျော် တွေ့တယ်။ ဒီနေ့ မနက် ၁၁ နာရီ ကျတော့လည်း ၉၅၉ ယောက်ဆိုတော့ အရင်တုန်းက တနိုင်ငံလုံး ၂၀၀ ကျော်လောက်နဲ့ သွားနေတာ အခုတော့ ၉၀၀ ကျော်အထိ ခုန်တက်သွားတော့ ရောဂါပျံ့နှံ့နှုန်းကိုပြနေတဲ့အတွက် များနေသေးတယ်... နည်းနည်းတော့ စိတ်ပူရတယ်။ အများစုကလည်း စမုဆာခွန်းမှာပဲ ဖြစ်နေတာ။”
ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကြုံခဲ့ရပြီးနောက် ကူးစက်မှုတွေ စံချိန်တင်တိုးလာတာကြောင့် အခုဆိုရင် စမုဆာခွန်းခရိုင်မှာ ကူးစက်သူ စုစုပေါင်း ၆,၅၀၀ ကျော်အထိ ရှိနေပါပြီ။ ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် နေ့စဉ် လူ ၁၀,၀၀၀ လောက်ကို ရောဂါပိုး စစ်ဆေးသွားဖို့ ရည်မှန်းထားကြောင်းလည်း ထိုင်းနိုင်ငံကိုဗစ်ရောဂါတိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့က ပြောဆိုထားပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်သူတွေကိုတော့ မကြာသေးခင်ကပဲ ပြင်ဆင်ထားတဲ့ ယာယီဆေးရုံတွေကို ပို့ဆောင်နေတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ဦးအောင်ကျော်က ပြောပါတယ်။
“ဒီဆေးရုံသစ်ဆောက်လုပ်ထားတာ ၉ ခု ရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ကြေငြာထားတယ် အခုတော့ ယာယီကုသပေးနိုင်ဖို့ ဆေးရုံတွေ ကုသရေးစင်တာတွေကိုတော့ပို့ပြီး ကုသပေးနေပါတယ်။”
ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ စမုဆာခွန်းမှာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းကနေ တာဝန်ယူနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကိုတော့ ရှေ့လလယ်မှာ စတင်မှာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ ကျန်းမာရေး တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၇၅ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၅,၀၀၀ လောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လလည်ကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၃,၀၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၃၈,၀၀၀ ကျော် ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။
[Unicode Version]