သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်မှုချိုးဖောက်တဲ့ ထိုင်းနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ


၂၀၁၉ မေလ ၂၄ ရက်နေ့က ထိုင်းနယ်စပ် ရှိ ရဲအရာရှိများ နယ်စပ်ဖြတ်ကျော်မှုကို စစ်ဆေးနေစဉ်။
၂၀၁၉ မေလ ၂၄ ရက်နေ့က ထိုင်းနယ်စပ် ရှိ ရဲအရာရှိများ နယ်စပ်ဖြတ်ကျော်မှုကို စစ်ဆေးနေစဉ်။

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါကာလ ပြဌာန်းထားတဲ့ ထိုင်း-မြန်မာနယ်စပ် ဖြတ်ကျော်မှု ကန့်သတ်ချက်တွေကို ချိုးဖောက်မှု စွဲချက်နဲ့ မြန်မာဘက်ကနေ ပြန်လာတဲ့ ထိုင်းနိုင်ငံသား ၁၃ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဇူလိုင်လ (၂၇) ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာ နယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ပြီး ပြန်လာသူ ထိုင်းနိုင်ငံသား ၁၃ ယောက် ( photo- ထိုင်းနယ်ခြားစောင့်တပ်)
တရားမဝင် နယ်စပ်ဖြတ်ပြီး ပြန်လာသူ ထိုင်းနိုင်ငံသား ၁၃ ယောက် ( photo- ထိုင်းနယ်ခြားစောင့်တပ်)

မြန်မာနိုင်ငံ မြဝတီမြို့ကနေ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို တရားမဝင် ဝင်ရောက်လာသူ ထိုင်းနိုင်ငံသားအမျိုးသား ၇ဦးနဲ့ အမျိုးသမီး ၆ ဦးကို ကင်းလှည့်နေတဲ့ အမှတ်(၄) နယ်ခြားစောင့်တပ်က တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။ COVID-19 ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်စစ်ဆေးနေချိန်မှာပဲ မြန်မာနိုင်ငံဘက်မှာ ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လာကြတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲရဲ့ မဲဆောက်ရုံးတာဝန်ခံဦးမိုးကျော်က အခုလိုပြောပြပါတယ်။

“အမျိုုးသား ၇ဦးနဲ့ အမျိုးသမီး ၆ဦး အားလုံး ၁၃ယောက်ကို ထိုင်းမြန်မာနယ်စပ်မှာ ထိုင်တဲ့ အမှတ်(၄)နယ်ခြားစောင့်တပ် က ဖမ်းလိုက်တယ်။ ဖမ်းလိုက်တော့ စစ်ဆေးတဲ့အခါ သူတို့က ထိုင်းနိုင်ငံသားတွေဖြစ်နေတယ် ကိုဗစ်အရေးပေါ်ကာလ မတိုင်ခင်ကတည်းက သူတိုက တဘက်မြန်မာနိုင်ငံ ဘက်မှာ သောင်တင်နေတဲ့သူတွေဖြစ်နေတယ်။ အခုလိုမျိုး တဘက်နိုင်ငံတွေမှာ သောင်တင်နေတဲ့လူတွေကို နှစ်ဖက်အစိုးရ ဘက်က ကြေညာထားတဲ့ သတင်းအချက်အလက်တွေ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမယ့် အချက်တွေကို ချိုးဖောက်မယ်ဆိုရင် သက်ဆိုင်ရာက အခုလိုဖမ်းဆီးတာတွေဆက်လက်ရှိနေမှာပါ။”

ထိုင်းအစိုးရကတော့သူ့နိုင်ငံသားတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေ သွားလာသူမှန်သမျှကို လေကြောင်းနဲ့ရော နယ်စပ်ကနေပါ ပြန်လာခွင့်ပြုထားတာပါ။ ဒါပေမဲ့လည်း ၂ နိုင်ငံစလုံးမှာ ကပ်ရောဂါကာလ ခရီးသွားသူတွေကို ရောဂါကူးစက်မှု ရှိမရှိ သတ်မှတ်ရက်အတိုင်း စောင့်ကြည့်စစ်ဆေးတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဒီလိုစောင့်ကြည့် စစ်ဆေးနေတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်သူတွေကိုတော့ အရေးယူလေ့ရှိတယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

“ထိုင်းနိုင်ငံသားတွေက အလုပ်အကိုင်အခွင့်အလန်းတွေရှိလို့ မြန်မာပြည်ထဲကို တရားဝင် လမ်းကြောင်းက သွားတယ်ဆိုရင် တရားဝင်လမ်းကြောင်းကနေ ပြန်လာလို့ရတယ်။ Quarantine တော့ဝင်ရမှာ ဒါပေမယ့် သူတို့နိုင်ငံသားတွေအတွက် ထားဖို့ စီစဉ်ဆောင်ရွက်ထားတဲ့တွေ တဘက်မှာလည်း ရှိတယ်။ သူတို့မှာ အခွင့်အရေးရှိတယ် သို့သော်လည်း အခုလို ကူးလာတာက တစုံတရာ ပြည့်စုံတဲ့ တရားဝင်တာမျိုးနဲ့ သွားလာထားတာမရှိလို့များလား ဆိုပြီးတော့ သံသယဖြစ်စရာ လည်းရှိနေပါတယ်။”

ထိုင်းနိုင်ငံမှာ နယ်စပ် တံတားတွေ တချို့ပိတ်ထားပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ရှိတဲ့ နယ်စပ်လမ်းတွေကိုတေ့ာမကြာခင်ကပဲ ဖွင့်ထားတာပါ။ ကုန်စည်တွေကိုတော့ လှေလမ်းကြောင်းကနေ ဖြတ်သန်းခွင့်ပြုထားပေမဲ့ မြန်မာဘက်ကတော့ လှေလမ်းတွေပါပိတ်ထားဆဲဖြစ်ပါတယ် ထိုင်းဘက်ကတော့ အိမ်နီးချင်းနိုင်ငံကလာမယ့်သူတွေကို
စက်လှေနဲ့ ဖြတ်ကူးတာတွေကို တော့ တားမြစ်ထားဆဲဖြစ်ပါတယ်။ တရားမဝင်လမ်းကနေ လာကြတဲ့ ထိုင်းနိုင်ငံသားတွေကို တော့ ၁၄ ရက် စောင့်ကြည့်စစ်ဆေးဖို့အတွက်ထိုင်း အာဏာပိုင်တွေက ခေါ်ဆောင်သွားပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်ကြမယ့် လူ၁၀၀ထက်မနည်းကိုလည်း ထိုင်းဘက်ကဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.................

(Unicode)








XS
SM
MD
LG