သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေး သန်း ၂၀ ကျော် ထိုင်းဘက်က ဖမ်းမိ


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ဒေသမှာ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား သန်း ၂၀ ကျော်ကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖမ်းမိတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေက သတင်း ထုတ်ပြန်ပါတယ်။ ဒီစိတ်ကြွဆေးတွေဟာ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံ၊ ဝဒေသ တောင်ပိုင်းကနေ အများဆုံး ဝင်လာနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာ လာအိုနယ်စပ် ရွှေတြိဂံဒေသကနေ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသ အတွင်း ကို စိတ်ကြွဆေးပြားတွေ သန်းပေါင်းရာနဲ့ချီပြီး သယ်ဆောင်လာမယ့် သတင်းကို ထိုင်းလုံခြုံရေးကောင်စီက နယ်မြေဆိုင်ရာ အာဏာပိုင်တွေကို ကြိုတင်သတိပေးထားပြီး နယ်စပ်ဒေသ မှာ အထူးတင်းကြပ်စောင့်ကြည့်နေတဲ့အချိန်မှာပဲ စိတ်ကြွဆေးပြား အမြောက်အများကို တရက်ထဲမှာပဲနှစ်ကြိမ် ဖမ်းမိခဲ့တာပါ။

ထိုင်းဘုရင်ကြီး နတ်ရွာစံ ခဲ့တာ နှစ်နှစ်ပြည့်တဲ့ အခမ်းအနားတွေ နိုင်ငံတဝန်းမှာ ကျင်းပနေတဲ့အချိန်နဲ့ အားလပ်ရက်ကို ချိန်ကိုက်ပြီး မူးယစ်ဆေး တွေကို ပစ်ကပ်ကားငယ်သုံးစီးနဲ့ သယ်လာကြတာဖြစ်ကြောင်း ချင်းရိုင်ဒေသ မူးယစ်ဆေးဝါး နိမ်နင်းရေး ရဲမှူးကြီး ပန်ချာ သန့်ပဒတ် ကဦးဆောင်ပြီး သတင်းစာရှင်းပွဲမှာ ပြောဆိုသွားပါတယ်။

"ချင်းရိုင်ပြည်နယ် Chiang Khong ချင်းကောင်း ခရိုင် ကျေးရွာအုပ်စု ၅ အနီး မှာ ထိုင်းမူးယစ်နိမ်နင်းရေးနဲ့ နယ်စပ်ဒေသ ရဲ တွေပူးပေါင်းပြီး နေကော ညပါစစ်ဆေးရေး ဂိတ်ချထားတဲ့ နေရာမှာ ကားတွေကိုရပ်တန့်စစ်ဆေးရာကနေ စိတ်ကြွဆေး ၁၂သန်းနှစ်သိန်းနဲ့ အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေး ကီလို ၁၀၀ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ တရားခံ ထိုင်းနိုင်ငံသားသုံးဦကိုလည်း ဖမ်းဆီးထားခဲ့ပြီး တဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်" လို့ ချင်းရိုင်ဒေသ မူးယစ်ဆေးဝါး နိမ်နင်းရေး ရဲမှူးကြီး ပန်ချာ သန့်ပဒတ် ကပြောဆိုခဲ့ပါတယ်။ ၉၉၉ တံဆိပ်တွေနဲ့ ဝတောင်ပိုင်းက လာတယ်ဆိုတာကိုလည်း ပြောဆိုသွားပါတယ်။

တနေ့ထဲမှာပဲ ချင်းရိုင်ပြည်နယ်၊ မဲလောင်ခရိုင် မြစ်ကမ်းနဘေးက ကိုင်းတောထဲမှာ နောက်ထပ်ဆာလာ အိပ် အထုတ် ၅၀ နဲ့စိတ်ကြွဆေးတွေရှိတဲ့အကြောင် းရွာသားတွေက သတင်းပေးခဲ့လို ့စိတ်ကြွဆေးပြား ၁၀ သန်းကို ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သတင်းမှာဖေါ်ပြထားပါတယ်။

ယခုဖမ်းမိတဲ့ စိတ်ကြွဆေးတွေဟာ ၀ တောင်ပိုင်းနယ်မြေက အများဆုံးဝင်ရောက်လာနေတာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောသွားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ မူးယစ်ဆေးဝါး တွေ နိုင်ငံအတွင်း အလုံးအရင်းနဲ့ ဝင်လာနေတာကို အချိန်မှီ တားဆီးနိုင်ဖို့ အရှိန်မြင့်လုပ်ဆောင်နေကြသလို မူးယစ်ကုန်သယ်တွေကလည်း စိတ်ကြွဆေးတွေကို ယခင်ကထက် ပိုပြီးအရည်အတွက်များများနဲ့ ဆက်တိုက်ဆိုသလို သယ်ဆောင်နေကြတာပါ။ အခုလိုအဖမ်းဆီးတွေများလာနေချိန်မှာ စိတ်ကြွဆေးပြားတွေ သုံးစွဲနေတဲ့သူတွေအနေနဲ့စိတ်ကြွဆေးပြားတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင် ရာဘ စိတ်ကြွဆေးတပြားကို ဘတ် ၂၀၀ ကနေ ဈေးချရောင်းနေတယ်လို့လည်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ အခုဆိုရင် ၂၀၁၈ခုနှစ်ထဲမှာပဲ ချင်းရိုင်ခရိုင်ကနေ လာတဲ့ စိတ်ကြွဆေးအလုံးရေပေါင်း သန်းပေါင်း ၂၂၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG