သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်းကစားလုပ်သူ မြန်မာနိုင်ငံသားတချို့ ကိုဗစ်စည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူခံရ


 မြန်မာနိုင်ငံသားတွေ လောင်းကစားလုပ်နေတဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့၊ ဇန်နဝါရီ ၁၇၊ ၂၀၂၁)
မြန်မာနိုင်ငံသားတွေ လောင်းကစားလုပ်နေတဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့၊ ဇန်နဝါရီ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းနိုင်ငံ အလယ်ပိုင်း စမုပရကမ်ခရိုင်မှာ လောင်းကစားလုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးပြီး ကိုဗစ်ကပ်ရောဂါကာလ စည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ဘန်ကောက်မြို့တောင်ဘက် စမုပရကမ် ခရိုင် ဘန်ဖီမြို့က ရပ်ကွက်တခုမှာ မြန်မာနိုင်ငံသားတချို့ လောင်းကစားနေတဲ့အကြောင်း ဒေသခံတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မနေ့ညပိုင်းက ရဲအင်အား ၅၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ကပ်ရောဂါကာလ လူစုလူဝေး မလုပ်ဖို့ စည်းကမ်းချက်ကို ချိုးဖောက်မှုနဲ့ အရေးယူခဲ့ကြောင်းလည်း ထိုင်းသတင်းတွေက အာဏာပိုင်တွေကို ကိုးကား ဖော်ပြကြပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၃ ဦး ပါဝင်ကြောင်းလည်း ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"ည ၁၁ နာရီလောက်မှာ လဝကနဲ့ ရဲတွေ က သူတို့ ဝင်စစ်တာ apartment နံပါတ် ၆၊ ဘန်ချလောင်ဆိုတဲ့နေရာမှာ ဝင်စစ်တာ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ရွှေ့ပြောင်းအလုပ်သမားတွေပေါ့ သူတိုက ကစားနေတာပေါ့။ ကစားနေတဲ့ ပစ္စည်းတွေနဲ့ မိတာ ဒီလိုစစ်ဆင်ရေးလုပ်တာ ကိုဗစ်မပြန့်ပွားရေးအတွက် စစ်ဆေးတဲ့ ဒီလုပ်ငန်းစဉ်အရ စစ်ရင်းနဲ့မိတာအရေးပေါ်ထုတ်ပြန်ချက်အရ စစ်ရင်းဖမ်းမိတာ သူတို့ကို ဘန်ဖီရဲစခန်းက တရားလိုလုပ်ပြီး တရားစွဲမှာပေါ့။"

ကပ်ရောဂါ ကာလမှာ လူစုလူဝေးနဲ့ လောင်းကစားတဲ့ လုပ်ရပ်ကြောင့် ရောဂါကူးစက်နိုင်တာကြောင့် ထိုင်းအာဏာပိုင်တွေ ပြင်းပြင်းထန်ထန် အရေးယူနေတာပါ။ ကပ်ဘေးကာလ ထိုင်းနိုင်ငံမှာ လောင်းကစားလုပ်တာတွေကို တားမြစ်ထားပြီး စည်းကမ်းချိုးဖောက်တဲ့သူတွေကို ထိုင်းဘတ်ငွေ ၄၀,၀၀၀ ဒဏ်ငွေကနေ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ကျခံဖို့လည်း ဥပဒေထုတ်ပြန်ထားပါတယ်။

ဒါကြောင့်လည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ကပ်ရောဂါကာလ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"နံပါတ် ၁ ကတော့ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ social distancing သူတို့အရေးပေါ် ထုတ်ပြန်ချက်အရ လူ ဘယ်နှစ်ယောက်ထက်ပို မစုရဘူးဆိုပြီး ပြောထားပြီးသား။ စမွတ်ပရာကမ်တို့၊ စမွတ်ဆာခွန်းတို့ဆိုတာ အနီရောင်နယ်မြေဖြစ်တယ်။ အဲဒီမှာပါတယ်။ စုလို့မရဘူးလို့ ပြောပြီးသားလေ။ အာဏာပိုင်တွေထုတ်ပြန်တို့၊ အာဏာပိုင်တွေ ထုတ်ပြန်တာကို အခုအချိန်မှာ နားစွင့်သတိထားသင့်တာပေါ့။ ဒီလောင်းကစားတွေက တရားလည်းမဝင်ဘူးလေ။ ဒီကြားထဲမှာ လူမစုရဘူးဆိုတာကို အလုပ်သမားတွေလည်း သတိပြုမှာရမှာပေါ့။ ဖမ်းမိတာ ကျနော်သိတာ သုံးသုတ်လောက်တောင်ရှိပြီ။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၇၀ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၂,၀၀၀ ကျော်ထိ ရှိလာတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လလယ်ကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု ပါဝင်နေတာပါ။ မနေ့တုန်းကပဲစမွတ်ဆာခွန်းခရိုင်တခုထဲမှာပဲ ကူးစက်သူ ၃၂၀ ရှိရာမှာ နိုင်ငံခြားသားအလုပ်သမား၂၆၉ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတွက် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ စုဝေးနေထိုင်ရာနေရာတွေမှာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG