သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှာခေါင်းစည်း အဟောင်းတွေကို ပိုးသတ်တဲ့စက် ထိုင်းမှာ တီထွင်အသုံးပြု


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ တပ်ဆင်ထားသည့် ထိုင်းဝန်ကြီးချုပ်နှင့် ဘန်ကောက်မြို့ Rajavithi ဆေးရုံမှ သူနာပြုများ။ (မတ် ၁၂၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ တပ်ဆင်ထားသည့် ထိုင်းဝန်ကြီးချုပ်နှင့် ဘန်ကောက်မြို့ Rajavithi ဆေးရုံမှ သူနာပြုများ။ (မတ် ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ နှာခေါင်းစည်း မျက်နှာဖုံးတွေ ပြန်သုံးလို့ရအောင် ပိုးသတ်တဲ့စက်ကို ထိုင်းသုတေသီတွေ တီထွင်လိုက်ကြပါတယ်။ နှာခေါင်းစည်း မျက်နှာဖုံးတွေ အလုံအလောက် မရတာကြောင့် အခုလို တီထွင်လိုက်တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသပေးနေတဲ့ ဆေးရုံအားလုံးကို အခမဲ့ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံက သုတေသီတွေနဲ့ ပရဟိတပါလုပ်တဲ့ စီးပွားရေးကုမ္ပဏီတို့ ပေါင်းပြီး ထိုင်းနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေအတွက် နှာခေါင်းစည်း မျက်နှာဖုံးတွေကို ပိုးသတ်တဲ့စက်ကို တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီစက်မှာ ခရမ်းလွန်ရောင်ခြည် နည်းပညာကို သုံးထားပြီး ဒါက Novel ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို ပြန်သုံးနိုင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် နှာခေါင်းစီး အပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းတွေ အများအပြား လိုအပ်နေတာ ဖြစ်ပါတယ်။

Nimit Prasitdumron ဟာ SOS COVID-19 တိုက်ဖျက်ရေးစီမံကိန်း စတင်လုပ်ဆောင်သူ ဖြစ်ပါတယ်။

“၂၅၀ နာနိုမီတာ အကွာကနေ ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းနဲ့ ဘက်တီးရီးယားကို သတ်ပစ်တာပါ။ အဲဒါကို ဒီစက်မှာ ကျနော်တို့ သုံးထားပါတယ်။ ကျနော်တို့ လေ့လာတွေ့ရှိချက်အရ အခုံးပုံစံ နှားခေါင်းစည်းတွေ၊ ရိုးရိုးနှာခေါင်းစည်းတွေနဲ့ နည်းနည်း ထုထည်ရှိတဲ့ ထူတဲ့ နှာခေါင်းစည်းတွေဆိုရင် ၅ မိနစ်လောက် ကြာပါတယ်။”

SOS COVID-19 တိုက်ဖျက်ရေး စီမံကိန်းလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ လိုအပ်တဲ့ နှာခေါင်းစည်း မျက်နှာဖုံး ပိုးသတ်တဲ့စက်တွေ ပထမအသုတ်ကို ဧပြီလ ၁၅ ရက်နေ့က ထုတ်လုပ်လိုက်ပါတယ်။

ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်က N95 နဲ့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း မျက်နှာဖုံးတွေ နည်းနေတာကြောင့် ဗိုင်းရပ်စ်အန္တရာယ် ရင်ဆိုင်နေရတဲ့ ဆေးဝန်ထမ်းတွေကို ကူညီဖို့အတွက်ဖြစ်တယ်လို့ ဒီအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်တဲ့ Nimit Prasitdumrong ကပြောပါတယ်။

“အခုရက်ပိုင်းတွေအတွင်း ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက အသစ်တွေပါ။ ကျနော်တို့နိုင်ငံမှာ နှာခေါင်းစည်း မျက်နှာဖုံးက ၁ လကို ၁ သန်း၊ တရက်ကို ၃ သောင်းလောက် နေ့စဉ်လိုနေတာကြောင့် ကျနော်တို့အနေနဲ့ နှာခေါင်းစည်းတွေကို ပြန်သုံးဖို့ လိုနေပါတယ်။ ပြဿနာက အခုတလောမှာ နှာခေါင်းစည်း မျက်နှာဖုံးတွေကို အလုံအလောက် မရတာနဲ့ လာလှူတဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုရလောက်အောင် အရည်အသွေး မပြည့်မီကြပါဘူး။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို မလွှင့်ပစ်ကြပါနဲ့။ ပြန်သုံးလို့ရအောင် ကျနော်တို့ လုပ်ထားပါတယ်။”

SOS COVID-19 တိုက်ဖျက်ရေး စီမံကိန်းက ဒီစက်တွေကို အစိုးရဆေးရုံတွေကိုရော ပုဂ္ဂလိက ဆေးရုံတွေကိုပါ ငွေကြေးနဲ့မယူဘဲ အလကားပေးသွားဖို့ စီစဉ်နေပြီး ဆေးရုံ ၃၀၀ ကျော်က စာရင်းပေးထားပါတယ်။

“COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေ တက်ရောက်ကုသနေတဲ့ ပြည်သူ့ဆေးရုံတွေနဲ့ ပုဂ္ဂလိကဆေးရုံ အားလုံးကို အလကားပေးသွားဖို့အတွက် ဒီစက်တွေကို ကျနော်တို့ တီထွင်ခဲ့တာဖြစ်ပါတယ်။”

ထိုင်းနိုင်ငံရဲ့ လူထုကျန်းမာရေးဝန်ကြီးကတော့ ဗုဒ္ဓဟူးနေ့က နှာခေါင်းစည်း မျက်နှာဖုံး ပိုးသတ်တဲ့စက် ၃၅ လုံးကို လက်ခံရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၂၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၆ ယောက်ထက်မနည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)













XS
SM
MD
LG