သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကိုဗစ်ကုသရေး ကုတင် ၁၀,၀၀၀ ဆန့် အရေးပေါ်ဆေးရုံ ပြင်ဆင်


COVID-19 ပိုးတွေ့သူ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေတဲ့ ရထားစီးခရီးသည်များ။ (ဧပြီ ၉၊ ၂၀၂၁)
COVID-19 ပိုးတွေ့သူ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေတဲ့ ရထားစီးခရီးသည်များ။ (ဧပြီ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ နောက်ထပ် COVID-19 ပိုးတွေ့သူ ဆက်တိုက် မြင့်တက်လာတာကြောင့် ကုတင် ၁၀,၀၀၀ ဆန့် အရေးပေါ်ဆေးရုံကြီးတခု သီးသန့်တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။

ထိုင်း ကျန်းမာရေးအရာရှိတဦးက နေ့စဉ် အခုလို ပိုးတွေ့မှုလှိုင်းသစ်နဲ့ နောက် ကူးစက်မြန် ဗီဇပြောင်း ပိုးမျိုးသစ်နဲ့ပါ တဆက်တည်း ကြုံလာရတာကြောင့် ပြည်သူတွေ ယုံကြည်မှုရှိစေဖို့ ဒီဆေးရုံကြီးဆောက်ဖို့ ပြင်ဆင်နေရတာပါလို့ ပြောပါတယ်။

ဘန်ကောက်မြို့တော်က ဆေးရုံ အနည်းဆုံး တဒါဇင်မှာလည်း ကိုဗစ်ပိုး ဓာတ်ခွဲစစ်ဆေးတာတွေကို ရပ်တန့်လိုက်ရပါတယ်။ အခုလို ပိုးတွေ့မှုမြင့်မားလာတဲ့ နောက်တကြိမ် လှိုင်းသစ်အောက်မှာ ဆေးစစ်ဖို့ ကိရိယာတွေနဲ့ စစ်နိုင်စွမ်းအားတွေ မလုံလောက်တော့လို့ ဖြစ်ပါတယ်။

ထိုင်း ကျန်းမာရေးဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူးချုပ် Suksan Kittisupakorn က...

“နေ့စဉ် ပိုးတွေ့မှုက အခု မြင့်တက်လာနေပါတယ်။ မနေ့ကဆိုရင် ပိုးတွေ့သူသစ် ၅၀၀ ကျော်သွားခဲ့ပါတယ်။ ဒါက ဒီကပ်ရောဂါ စဖြစ်ချိန်တည်းကဆိုရင် ကျနော်တို့အတွက် အဆိုးဆုံးအခြေအနေလို့ ပြောလို့ရပါတယ်" လို့ ပြောပါတယ်။

ဒါပေမယ့် ညွှန်ချုပ် Suksan က ဆက်ပြီး ဒီဗိုင်းရပ်စ်အကြောင်းကို လေ့လာနိုင်ခဲ့တာမို့ ထိုင်းကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို မြှင့်တင်ဖို့ အခွင့်အလမ်း ရစေခဲ့တယ်၊ ဒါကြောင့် အခု ရင်ဆိုင်ဖို့အတွက် ယုံကြည်မှု ရထားပြီးပါပြီလို့ ဆက်ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒီနေ့မှာ ပိုးတွေ့သူသစ် ၇၈၉ ဦးအထိ တက်လာခဲ့ပြီး သေဆုံးသူလည်း တဦးရှိလာတာကြောင့် ခုချိန်ထိ စုစုပေါင်း ကိုဗစ်ပိုးတွေ့သူ ၃၁,၆၀၀ ကျော်ရှိပြီဖြစ်သလို သေဆုံးသူပေါင်းလည်း ၉၇ ဦး ရှိလာနေပြီလို့ COVID-19 သတင်းထုတ်ပြန်မှုဌာနက ပြောပါတယ်။

ရှေ့သီတင်းပတ် ထိုင်းနှစ်သစ်ကူးသင်္ကြန်ပွဲတော် မတိုင်ခင် ဒီအပတ် အင်္ဂါနေ့ကစပြီး နေ့စဉ် ပိုးတွေ့သူသစ် ရာဂဏန်းဝန်းကျင်ရှိတဲ့ COVID-19 လှိုင်းသစ်နဲ့ ကြုံလာကာ ဖျော်ဖြေရေးလုပ်ငန်းတွေ နိုင်ငံတဝန်း ပိတ်ပင်တာနဲ့ ပွဲတော်ကာလ ခရီးသွားလာတာတွေကိုလည်း ကိုဗစ်စည်းကမ်းတွေ ပြန်ချမှတ်ပြီး ကန့်သတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)










XS
SM
MD
LG