(Zawgyi / Unicode)
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေအပေါ် စည်းကမ်းထိန်းချုပ်ရေး ထိုင်းအစိုးရက ပြုစုနေတဲ့ ဥပဒေသစ်ဟာဆိုရင် နိုင်ငံတွင်းက လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းတွေအတွက် အမှန်တကယ် ခြိမ်းခြောက်မှု ဖြစ်နေပြီး တချို့အဖွဲ့အစည်းတွေ ပိတ်ပစ်ရတာမျိုး ဒါမှမဟုတ်လည်း ထွက်ခွာသွားရတာမျိုး ဖြစ်နိုင်ကြောင်း အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးထားပါတယ်။
ဒီမူကြမ်းအရဆိုရင်တော့ အကျိုးအမြတ်အတွက် မဟုတ်တဲ့ အဖွဲ့အစည်းတွေအားလုံး အစိုးရထံ မှတ်ပုံတင်ဖို့ လိုအပ်မှာဖြစ်ပြီး ရန်ပုံငွေ ဘယ်ကရသလဲ၊ နောက် ဘယ်လိုအသုံးပြုလဲ ဆိုတာကို နှစ်စဉ် ကြေညာရမှာဖြစ်ပြီး သူတို့ကို နှစ်စဉ် စာရင်းစစ်ပြီး အခွန်ဆောင်ကြရမှာ ဖြစ်ပါတယ်။
အဖွဲ့အစည်းကို တည်ထောင်သူတွေအနေနဲ့ မှတ်ပုံတင်ဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ကျခံရနိုင်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ တရားရုံးအမိန့်စာ မပါဘဲ အဖွဲ့တွေရဲ့ ရုံးခန်းထဲကို အချိန်မရွေး ဝင်ပြီး အီလက်ထရောနစ် ဆက်သွယ်မှုတွေကို စုစည်းရယူခွင့်ကိုလည်း ဥပဒေကြမ်းမှာ ခွင့်ပြုထားပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်ပကရတဲ့ ရန်ပုံငွေကို ဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ လုပ်ငန်းမှာပဲ ချဲ့ကားတာမျိုး မလုပ်ဘဲ အသုံးပြုနိုင်တယ်လို့လည်း မူကြမ်းမှာ ဖော်ပြထားပါတယ်။
ထောင်ဒဏ် ၁၅ နှစ်နဲ့အထက် ပြစ်ဒဏ်ချမှတ်ခံရနိုင်ခြေရှိတဲ့ ဘုရင်ကို ထိပါးစော်ကားမှုဆိုင်ရာ စွပ်စွဲချက်ကို သုံးပြီး အစိုးရနဲ့ ဘုရင်ကို ဝေဖန်သူတွေကို ဖမ်းဆီး တရားစွဲဆိုမှုတွေ ဆက်တိုက်လုပ်လာပြီးနောက်မှာ အခုဥပဒေကြမ်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုင်ငံခြားကရတဲ့ငွေနဲ့ နိုင်ငံမတည်ငြိမ်ရေးအတွက် အသုံးချမယ့် လျှို့ဝှက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်ရေးအတွက် ဥပဒေလိုအပ်ကြောင်း အစိုးရက ပြောဆိုထားပါတယ်။
ဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးက ဆင်းပေးရေးနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ပြီးခဲ့တဲ့နှစ်က လူထုဆန္ဒပြပွဲတွေကြောင့် ဘန်ကောက်မှာ မတည်မငြိမ် ဖြစ်ခဲ့ပြီးနောက် ထွက်လာတဲ့ အခုဥပဒေမူကြမ်းဟာဆိုရင် ဆန္ဒပြပွဲတွေကို အဆိုးမြင် တုံ့ပြန်မှုအဖြစ် ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
------------------------
(Unicode)