ထိုင်း-မြန်မာနယ်စပ်က ထိုင်းဆေးရုံတွေမှာ ပြင်ပနိုင်ငံက နိုင်ငံခြားသားလူနာတွေ ရုတ်တရက် များလာပြီး ဆေးကုနေကြတဲ့အတွက် ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဝန်ထုတ်ဝန်ထိုး ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အမြဲတမ်း ဒုတိယအတွန်းဝန် Montien Kanasawadse က ထိုင်း ကျန်းမာရေးစနစ်ဟာ ထိုင်းမြေပေါ်မှာရှိနေတဲ့သူတွေ ဘယ်ကပဲ ရောက်လာရောက်လာ ကျန်းမာရေး စောင့်ရှောက်ခွင့်ရဖို့ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကျန်းမာရေးအသုံးစရိတ်ကာမိအောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမြဲတစေ လက်တွဲလုပ်ကိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း အခမဲ့ ဆေးကုသခွင့်ရသူတွေဟာ ထိုင်းအမျိုးသားမှတ်ပုံတင်ရဖို့ ကြိုးစားနေတဲ့ ဂဏန်း ၁၃ ခုပါ ထိုင်းနိုင်ငံ မှတ်ပုံတင်ကဒ်ရှိပြီးသား နိုင်ငံမဲ့ ရောက်လာသူတွေ၊ အလုပ်ရှင်ကိုယ်တိုင် လူမှုထောက်ပံ့ရေး အစီအစဉ်အောက်မှာ စာရင်းသွင်းထားတဲ့ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ ရွှေ့ပြောင်းလုပ်သမားတွေနဲ့ ပြည်ပက ကျန်းမာရေးစောင့်ရှောက်မှု အာမခံရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
Tak ခရိုင် မဲဆောက်မြို့က ဆေးရုံတွေမှာ ဆေးကုသတဲ့ လူနာတွေထဲက ၄၀ ရာခိုင်နှုန်းဟာ ပြင်ပက လူနာတွေ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ထဲက ခွဲပေးရမှာ စိုးရိမ် ကြောင်း ထိုင်း လူမှုကွန်ယက်တခုကနေ သတိပေးရေးသားခဲ့ပြီးတဲ့နောက် ကျန်းမာရေးဌာန တာဝန်ရှိသူတွေ ပြန်လည် ရှင်းလင်းပြောဆိုနေတာပါ။ အရင်ကလည်း ထိုင်းနိုင်ငံသားမဟုတ်သူတွေ နယ်စပ်က ဆေးရုံတွေမှာဆေးကုသခဲ့ဖူးပြီး စရိတ်မတတ်နိုင်တဲ့သူတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက တစိတ်တပိုင်း မျှခံခဲ့ဖူးကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အမြဲတမ်း ဒုတိယ အတွန်းဝန်က ပြောပါတယ်။
Forum